Tuesday, July 19, 2011

အစိုးရမှ သိမ်းဆည်းရန် လျာထားသော ဒေသခံ မြေကွက်များ ကန့်ကွက်ခွင့် ပိတ်ပင်ထား

ကူးဒူ

ကရင်နီပြည် ဖရူဆိုမြို့နယ်တွင် စစ်ရေးလေ့ကျင့်ရေးကွင်းများ တည်ဆောက်ရန် အစိုးရမှ သတ်မှတ်ထားခဲ့သော ပြည်သူပိုင် မြေနေရာများကို ယခု အပြီးအပိုင် သိမ်းယူမည် ဖြစ်သည့်အတွက် ဒေသခံရွာသားများ ကန့်ကွက်မှု မပြုလုပ်နိုင်ရန် မြို့နယ်မှူးမှတဆင့် ဖိအားပေးထားကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၄ ရက်နေ့တုန်းက (ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ်) ဒကစမှူး လက်အောက်ခံ ဖရူဆို မြို့နယ်မှူး ရွာမှာ လာပြီးတော့ အစည်းဝေး ခေါ်တယ်။ သူလာပြောသွားတာကတော့ အရင်က တိုင်းတာတဲ့ မြေကွက်တွေဟာ နိုင်ငံတော် အစိုးရပိုင် မြေကွက် ဖြစ်သွားပြီ။ အဲဒီအတွက်ကြောင့် ဘယ်အဖွဲ့အစည်း၊ ဘယ်သူ တဦးတယောက်မှ ကန့်ကွက်ပိုင်ခွင့် မရှိဘူး။ ကရင်နီ သူပုန် အဖွဲ့တွေ လာရောက် နောက်ယှက်မယ်ဆိုရင်လဲ ရပ်တန့်ပေးမှာလည်း မဟုတ်ဘူး။ နိုင်ငံတော် ချမှတ်ထားတဲ့ အစီစဉ်အတိုင်းပဲ လုပ်ဆောင်သွားမယ် ဖြစ်တယ်လို့ အစည်းအဝေးမှာ လာရောက်ပြောသွားတယ်” ဟု ဒေသခံရွာသားတဦးက ပြောသည်။

စစ်ရေးလေ့ကျင့်ရေးကွင်း ပြုလုပ်ရန် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလကတည်းက (ခြေမြန်တပ်ရင်း) ခမရ ၅၇၆ မှ ဖရူဆိုမြို့နယ်တွင်းရှိ ဒေါလောခူ၊ လောဂျာနှင့် မာပရူရှေ့ (မာခရော်ရှေး) ကျေးရွာ အနီးအနား တ၀ိုက်မှ ၄ မိုင် ပတ်လည်ရှိ ပြည်သူပိုင် ခြံမြေများကို တိုင်းတာသတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ယခု သိမ်းဆည်းမည့် ခြံမြေ ဧက ၂၇၀၀ အတွက် နိုင်ငံတော်အစိုးရမှ လျော်ကြေးပေးမည်ဟု ကြေညာထားသည်။

“မြို့နယ်မှူး လာပြောသွားတာကတော့ မြေကွက် ပါသွားတဲ့ သူတွေကိုတော့ လျော်ကြေးငွေ ပြန်ပေးမယ်မယ်လို့ အထက်က လူကြီးတော့ ပြောတယ်။ ဒါပေမဲ့ သေချာလား မသေချာဘူးလား ဆိုတာကိုလဲ ကျနော် အနေနဲ့လည်း (မြို့နယ်မှူး) မပြောတတ်ဘူးလို့ ပြောတယ်။ အဲဒါကြောင့် လျော်ကြေး ပြန်ရဖို့က မျော်လင့်ချက် မရှိဘူး” ဟု ယခု သိမ်းဆည်းမည့် မြေနေရာတွင် မိမိမြေကွက်များ ပါဝင်သော ဒေသခံရွာသားတဦးက ပြောသည်။

သင်တန်းကွင်း ဖောက်ရန်အတွက် ဘူဒီဇာ (လမ်းထိုးစက်) ၆ စီးကို ယခုလအစောပိုင်းက စပြီး မာပရူရှေ့ ကျေးရွာတွင် လာရောက်ချာထားသည်။ သို့သော် လုံခြုံရေး ကိစ္စများ ဆွေးနွေးနေသည့်အတွက် စတင်မလုပ်ဆောင်သေးကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ကရင်နီပြည်တွင် မြန်မာစစ်တပ်မှ တပ်ရင်း ၁၂ ရင်းတပ်စွဲ ထားသည့်အပြင် နယ်ခြားစောင့်တပ်မှ တပ်ရင်း ၂ ရင်းလည်း ရှိသည်။ ယခု စီစဉ်နေသည့် စစ်သင်တန်းကွင်းအပြီး တပ်ရင်းများ မည်မျှရှိလာမည်ကို အတိအကျ မသိရှိရသေးပေ။

No comments: