ဘုန်းခိုင်
(၆၄) နှစ်မြောက် အာဇာနည်နေ့တွင် အဖွဲ့ချုပ်အဖွဲ့ဝင်များအပါအ၀င် လူငယ် (၁၀၀) နီးပါးက တနင်္သာရီတိုင်း၊ ကော့သောင်းမြို့လယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်တုရှေ့တွင် လွမ်းသူ့ပန်းခွေချခဲ့သည်ကို မြို့နယ်စည်ပင်အရာရှိ ဦးအောင်ကိုဦး (ဒုအင်ဂျင်နီယာ) နှင့်အဖွဲ့က လွမ်းသူ့ပန်းခွေများကို အမှိုက်သိမ်းကားပေါ် ပစ်တင်လိုက်သည့်အတွက် ဒေသခံများ မကျေမနပ် ဖြစ်နေကြသည်။
လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်(၉)ဦး သေနတ်သမားများ လုပ်ကြံခံရပြီး ကျဆုံးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့ မနက်ပိုင်းတွင် အာဇာနည်ကြီးများအား ဂါရ၀ပြုသည့် အစီအစဉ်ဖြင့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းအဖွဲ့ဝင်များ ဦးဆောင်ပြီး ကော့သောင်းမြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုရှေ့တွင် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း ပြုလုပ်ခဲ့သည်။
“ဗိုလ်ချုပ်ပုံနဲ့ အာဇာနည်(၉)ဦးစလုံး ဓါတ်ပုံတွေပါတယ်ဗျ လွမ်းသူ့ပန်းခွေက အဲဒီပန်းခွေကို မနက် (၇)နာရီကျော်လောက်မှာ မြို့လယ်က ဗိုလ်ချုပ်ကြေးရုပ်မှာ ချတယ်ဗျာ။ အဲလို လွမ်းသူ့ပန်းခွေချပြီး မကြာဘူး စည်ပင်က အရာရှိ အောင်ကိုဦးနဲ့အဖွဲ့က ဗိုလ်ချုပ်ပုံရော အာဇာနည်ကြီးတွေပုံကပ်ထားတဲ့ ပန်းခွေကို ဆွဲပြီး အမှိုက်ကားပေါ် ပစ်တင်တယ်။ အဲဒီမှာ လူငယ်တွေကလည်းရှိနေသေးတော့ ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ လူငယ်တွေက ရိုက်မယ်နှက်မယ်အထိ ဖြစ်တာ” ဟု ကော့သောင်းမြို့ခံက ပြောသည်။
မြို့နယ်စည်ပင်အရာရှိနဲ့အဖွဲ့က အခုလို ဗိုလ်ချုပ်နှင့် အာဇာနည်ကြီးတွေ ဓါတ်ပုံကပ်ထားသည့် လွမ်းသူ့ပန်းခွေကို အမှိုက်ကားပေါ် ဆွဲတင်လိုက်သည့်သတင်း ကော့သောင်းမြို့ပေါ် ပျံ့နှံ့နေပြီး ပြည်သူအများစုက မကျေမနပ် ဖြစ်နေကြခြင်းဖြစ်သည်။
မြို့နယ်စည်ပင်အနေဖြင့် ရဲအဖွဲ့က ညွန်ကြားခိုင်းစေခဲ့ခြင်းကြောင့် အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် လူငယ်များလာချသည့် လွမ်းသူ့ပန်းခွေကို သိမ်းဆည်းရခြင်းဖြစ်သည်ဟု ဒေသခံများအကြား ပြောဆိုနေကြသည်။
အလာတူး မြိတ်မြို့နယ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများအတွက်ရည်စူးပြီး ဆွမ်းကပ်အမျှဝေဖို့ ဖိတ်ကြားခဲ့လျှင် မလိုက်ဖို့ သက်ဆိုင်ရာအာဏာပိုင်များက သံဃာတော်များကို တားမြစ်ထားသည့်အတွက် ဆွမ်းကပ်လှူဒါန်းသည့် ကောင်းမှုကုသိုလ်မပြုလုပ်ရဘဲ အခမ်းအနားအကျဉ်းသာ ပြုလုပ်နိုင်ခဲ့သည်ဟု မြို့ခံတဦးက ပြောသည်။
(၆၄)နှစ်မြောက် အာဇာနည်နေ့တွင် မန္တလေးမြို့၊ မနော်ရမန်ဥယျာဉ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုရှေ့တွင် အသက် (၃၀)အရွယ် အမျိုးသားတဦး တကိုယ်တော် အသံတိတ် ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒပြမှုကို သွားရောက်ကြည့်ရှုသည့် မန္တလေးမြို့ခံက “အသက် (၃၀) ၀န်းကျင်လောက်အရွယ်ပဲ အင်္ကျီအဖြူ၊ ပုဆိုးက ယောလုံချည်လိုမျိုး အညိုရောင်နဲ့ လူက ပိန်ပိန်ညိုညိုပဲ မနော်ရမန်ဥယျာဉ်ရှေ့ ဗိုလ်ချုပ်ကြေးရုပ်နဲ့ မျက်နှာချင်းဆိုင်မှာ ဗိုလ်ချုပ်ဓါတ်ပုံလည်း ပါတယ်။ ပြီးတော့ သူ့ရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးထားတဲ့ စာအုပ်လည်း တွေ့တယ်။ နောက်ပြီး ပန်းတွေ၊ နံသာအမွှေးတိုင်၊ ဖရောင်းတိုင်တွေနဲ့ သူက ထိုင်ပြီး အသံတိတ် မေတ္တာပို့ တရားထိုင်သလိုမျိုးဗျ နေတာ ၂ နာရီထိုးလောက်ထိပဲ” ဟု ပြောသည်။
အဆိုပါ ဆန္ဒပြသူကို အာဏာပိုင်တွေဘက်က စောင့်ကြည့် ဓါတ်ပုံရိုက်တာကလွဲလို့ ဖမ်းဆီးခြင်းမရှိဟု မန္တလေးဒေသခံများက ပြောသည်။
No comments:
Post a Comment