ကလေးစစ်သားအဖြစ် အဓမ္မစုဆောင်းခံရပြီး မိဘဆီ ပြန်လည်ထွက်ပြေးလာတဲ့ အသက် ၁၅ နှစ်အရွယ် မောင်ရေချမ်းကို တပ်က ပြန်လည်ဖမ်းဆီးနှိပ်စက်နေတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ရန်ကုန်တိုင်း လှိုင်သာယာ အမှတ် ၁၂ ရပ်ကွက်မှာနေတဲ့ ဦးညီညီနိုင်နဲ့ ဒေါ်စပယ်ရဲ့သားကြီး မောင်ရေချမ်းဟာ ဖခင်နဲ့စကားများပြီး အိမ်ကနေထွက်ပြေးချိန် ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပါတယ်။
အိမ်ကထွက်သွားပြီး ၄ လကြာမှ မိဘတွေကို သူဟာ သထုံလေ့ကျင့်ရေး တပ်စု ၁ မှာ ရောက်ရှိနေကြောင်း ပြောပါတယ်။ ၂၀၀၉ ခုနှစ်က စစ်တပ်ထဲ သွတ်သွင်းခံရချိန် မောင်ရေချမ်းဟာ အသက် ၁၃ နှစ်သာ ရှိသေးပေမယ့် စစ်တပ်က ပြန်လည်ခေါ်ယူခွင့် မပေးဘဲ ရှမ်းပြည် ခမရ ၃၁၂ ကို ပို့ခဲ့တယ်လို့ မိခင်ဖြစ်သူ ဒေါ်စပယ် က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မေလမှာ မောင်ရေချမ်းဟာ တပ်ကနေ အိမ်ကို ပြန်ရောက်လာခဲ့ပြီး ၁၂ ရက်အကြာမှာ လှိုင်သာယာရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖမ်းဆီးပြီး လှိုင်သာယာ ရဲအချုပ်မှာ မိခင်နဲ့ တွေ့ခွင့်မပေးဘဲ ချုပ်နှောင်ပြီး တပ်ထဲ ပြန်သွင်းခဲ့ပါတယ်။
ဇွန်လမှာ မောင်ရေချမ်းဟာ နောက်ခါ တပ်ကနေ ပြန်ထွက်ပြေးလာခဲ့ပြီး အိမ်မှာ ၁ လလောက် နေရချိန် ဇူလိုင်လ ၅ ရက်နေ့မှာ လှိုင်သာယာရဲ၊ ကြက်ခြေနီ၊ မီးသတ်နဲ့ ရယကတွေ အပါအဝင် အင်အား ၅ဝ လောက်နဲ့ နေအိမ်မှာ လာရောက် ဝိုင်းဝန်းဖမ်းဆီးသွားပြီး ခုချိန်ထိ သားဖြစ်သူကို တွေ့ခွင့်မရဘူးလို့ မောင်ရေချမ်းရဲ့ အမေ ဒေါ်စပယ်က ပြောပါတယ်။
“၇ လပိုင်း၊ ၅ ရက်နေ့ ည ၁၁ နာရီမှာ ဖမ်းဆီးသွားခဲ့ပါတယ်။ ရပ်ကွက် လူကြီးရယ်၊ နောက် မီးသတ်တပ်ကြပ်ကြီးတွေရယ် ဝိုင်းပြီး ရိုက်ပုတ်၊ ဖမ်းဆီးပြီးတော့ လှိုင်သာယာရဲစခန်းကို ပို့လိုက်ပါတယ်။ ရဲစခန်းကနေ ၃ ရက်အကြာမှာ အုတ်ကျင်းအကျဉ်းစခန်းကို မောင်ရေချမ်းကို ပို့ခဲ့ပါတယ်။ အချုပ်ခန်းကို ကျမက တောင်းပန်ပြီးတော့ လိုက်သွားပါတယ်။ စစ်တပ်ထဲကို ပြန်ခေါ်သွားရင် သူ့ကိုယ်သူ သတ်သေမယ်လို့ ကျမသားလေးက ပြောခဲ့ပါတယ်။ အဲဒီမှာလည်း နှိပ်စက်ညှဉ်းပန်းခံရတယ်။”
မောင်ရေချမ်းဟာ တပ်ကနေ ထွက်ပြေးတာ ဒီတကြိမ်နဲ့ဆိုရင် သုံးကြိမ်ရှိသွားပြီ ဖြစ်ပြီး ပထမနဲ့ ဒုတိယအကြိမ်တွေမှာလည်း ပြန်လည် ဖမ်းဆီးသွားပြီး ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
အသက် ၁၅ နှစ်ပဲရှိသေးတဲ့ မောင်ရေချမ်းကို တပ်မတော်အရာရှိတွေက ပြန်လွှတ်ပေးဖို့လည်း မိခင်ဖြစ်သူက တောင်းဆိုပါတယ်။
“ကျမအနေနဲ့ကတော့ ကျမသားလေးကို လွတ်လွတ်ကျွတ်ကျွတ်နဲ့ နေစေချင်တယ်။ တပ်မတော်မှာ တာဝန်ထမ်းဆောင်တာကို လွတ်စေချင်တယ်။ အကူအညီတောင်းချင်တယ်။ အခုလို ကျမခံစားသလို သူတို့မခံစားရပါစေနဲ့လို့၊ ကျမသားလေးကိုလည်း လွတ်လွတ်လပ်လပ်နဲ့ သွားလာနိုင်ပါစေလို့ ဆုတောင်းပါတယ်။ နောက်တခါ ကလေးတွေကို ဒီလိုမလုပ်ပါနဲ့လို့ ကျမ တောင်းဆိုချင်ပါတယ်။”
မောင်ရေချမ်း ပြန်လည်လွတ်မြောက်ဖို့အတွက်လည်း ကလေးစစ်သားအရေး ကူညီဆောင်ရွက်နေတဲ့ HRDP လူ့အခွင့်အရေးအဖွဲ့ကလည်းအိုင်အယ်လ်အိုကို ကူညီ တိုင်ကြားပေးနေပါတယ်။
No comments:
Post a Comment