Friday, January 20, 2012

က​လေး​စစ်သား​ကို ပြန်​တွေ့​သော်လည်း​ ​ခေါ်ယူရန် ခက်ခဲ​နေ

ကို​ထွေး

ကချင်ပြည်နယ်၊​ မိုး​ကောင်း​မြို့​နယ် နမ္မတီး​ရွာမှာ​နေကြတဲ့​ မိဘ​တွေက အသက် ၁၄ နှစ်အရွယ်ကတည်း​က ​ပျောက်သွား​တဲ့​ သား​ကို စစ် တပ်က​နေ ပြန်​ခေါ်ဖို့​ ခက်ခဲ​နေပါတယ်။

၂၀၀၈ ခုနှစ်က ​ကျောင်း​သွား​ရာက​နေ အိမ်က ​ပျောက်ဆုံး​သွား​တဲ့​ ​ဒေါ်နု​နော်ရဲ့​သား​ အသက် ၁၄ နှစ်အရွယ် ​ဇောင်ချမ်း​ဟာ လား​ရှိုး​မြို့​က အမှတ် ၃၄၆ အ​မြောက်တပ်ရင်း​မှာ ​ရောက်​နေတာ သိရ​ပေမယ့်​ ပြန်လည် ​ခေါ်ထုတ်ဖို့​ အခက်အခဲ ဖြစ်​နေတယ်လို့​ မိခင် ​ဒေါ်နု​နော်က ​ပြောပါတယ်။

“၂၀၀၈ ခုနှစ်က ​ပျောက်သွား​တယ်။ ၈ တန်း​ဆို​တော့​ အသက် ၁၄ နှစ် ကတည်း​က။ ဘယ်သူမှလဲ မတိုင်ဘူး​၊​ ကျမတို့​ဟာ ကျမတို့​ လိုက် ရှာ​နေတယ်။ ပျဉ်​ထောင်မှာသွား​မေး​တော့​ ဆရာ​တွေက ​ကြေး​နန်း​နဲ့​ ဆက်သွယ်​ပေး​တယ်။ အခုထိ အ​ကြောင်း​လည်း​ မကြား​ရ​တော့​ ​တွေ့​ချင်လို့​။”

သား​ဖြစ်သူကို လိုက်လံစုံစမ်း​ခဲ့​ပေမယ့်​လည်း​ ​ငွေ​ကြေး​နဲ့​ စား​ဝတ်​နေ​ရေး​ အခက်အခဲ​တွေ​ကြောင့်​ ထိထိ​ရောက်​ရောက် မရှာနိုင်ခဲ့​ဘူး​လို့​ ဆိုပါတယ်။

နောက်ပိုင်း​ စစ်တပ် တပ်ကြပ်ကြီး​တဦး​က သား​ဟာ ကိုယ်ပိုင်နံပါတ် (တ/၃၉၄၄၈၉) နဲ့​ တပ်မ​တော် အ​မြောက်တပ်ရင်း​မှာ တာဝန်ထမ်း​နေတယ်ဆိုပြီး​ အိမ်ကို စာ​ရေး​အ​ကြောင်း​ကြား​လာတယ်လို့​ မိခင်ဖြစ်သူက ​ပြောပါတယ်။

စာရပြီး​တဲ့​နောက် သား​ကို ပြန်​တွေ့​ချင်​ပေမယ့်​ ​ဒေါ်နု​နော်ဟာ ဗမာစကား​ကို သိပ်မ​ပြောတတ်သလို ​ငွေ​ကြေး​၊​ လမ်း​ပန်း​ သွား​လာမှု စတဲ့​ အခက်အခဲမျိုး​စုံ​ကြောင့်​ မ​တွေ့​နိုင်​သေး​ဘူး​လို့​ အိမ်နီး​ချင်း​တဦး​က ​ပြောပါတယ်။

“​ခေါ်ထုတ်ဖို့​ကြိုး​စား​တော့​ သူတို့​လည်း​ ခက်ခက်ခဲခဲကို၊​ သွား​လည်း​ မသွား​တတ်ဆို​တော့​ ဒီအတိုင်း​ပဲ ​နေ​နေကြတာပါ။ အ​ဖေကလည်း​ မိသား​စုကို လုပ်ကိုင်​ကျွေး​မွေး​နေရ၊​ ​တောင်ယာခုတ် လယ်ခုတ်၊​ ဝင်​ငွေကလည်း​ နည်း​တယ်ဆို​တော့​ လိုက်သွား​ဖို့​ကလည်း​ မလွယ်ဘူး​လေ။ မြို့​က​နေ တခြား​ တမြို့​သွား​ဖို့​တောင် ခက်ခက်ခဲခဲဖြစ်​နေတာ။”

မြန်မာ နိုင်ငံဟာ က​လေး​ စစ်သား​ စု​ဆောင်း​ခွင့်​ မရှိဘူး​လို့​ နိုင်ငံ တကာ သ​ဘောတူ စာချုပ်ကို လက်မှတ်ထိုး​ ထား​ပေမယ့်​ မြန်မာ့​ တပ်မ​တော် ဟာ က​လေး​ စစ်သား ​တွေကို အဓမ္မ စစ်တပ်တွင်း​ သွတ်သွင်း​ နေတာ​တွေ ရှိ​နေ ဆဲဖြစ်ပြီး​ နိုင်ငံ တကာရဲ့​ ပြစ်တင်​ ဝေဖန်ခံ​နေရ ပါတယ်။

No comments: