Tuesday, January 3, 2012

နိုင်ငံ​ရေး​အကျဉ်း​သား​များ​ လွတ်​မြောက်မှုအ​ခြေအ​နေ သတင်း​တင်ပြချက်

ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီဝင် တစ်ဦး လျှော့ရက်နဲ့ လွတ်မြောက်

မင်းလွင်

မန္တးလေး အိုးဘိုးအကျဉ်းထောင်ထဲကနေ ဒီကနေ့ အကျဉ်းသား ၂၈၅ ဦး လွှတ်ပေးတဲ့ အထဲမှာ မြန်မာအစိုးရနဲ့ အပစ်ခတ် ရပ်စဲရေး လုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီက ဗဟိုကော်မတီဝင် တဦး အပါအ၀င် စုစုပေါင်း ၁၀ ဦး လည်း လွတ်မြောက်လာတယ်လို့ ကယန်းပြည်သစ်ပါတီက အတည်ပြုပြောပါတယ်။

လွတ်မြောက်လာခဲ့တဲ့ ဗဟိုကော်မတီဝင် ဗိုလ်မှူးစောလွင်ဟာ ၂၀၀၄ ခုနှစ်က ကယန်းပြည်သစ်ပါတီရဲ့ ရမည်းသင်းမြို့နယ်အတွင်းက စိးပွားရေးလုပ်ငန်းတွေ သွားရောက် စစ်ဆေးနေစဉ်မှာ တပ်ခွဲမှုး အပါအ၀င် ၉ ဦးနဲ့ အဖမ်းခံခဲ့ပြီးနောက် လက်နက်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတာပါ။

အခုလို့ ဗဟိုကော်မတီဝင် ဗိုလ်မှူးစောလွင်နဲ့ ပါတီဝင်တွေ ပြန်လည် လွတ်မြောက်လာတာဟာ ကယန်းပြည်သစ်ပါတီအတွက် အင်းအားတရပ် ဖြစ်စေတယ်လို့ ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးကဒီဂေါ်ရီက ပြောပါတယ်။

“ကျနော်တို့ လူပြန်လွတ်လာတာကိုတော့ အများကြီး ၀မ်းသာတယ်။ နောက် ကျနော်တို့အတွက် အင်အားတခုလည်း ဖြစ်တာပေါ့။ နောက်ဆုံးတော့ ကျနော်တို့လူတွေကို သတ်မှတ်ထားတဲ့ ရက်မပြည့်ခင်မှာ လျော့ရက်နဲ့ ပြန်လွှတ်ပေးတဲ့ လက်ရှိအစိုးရသစ်ကို ကျေးဇူးတင်ကြောင်း အဲဒါပဲပြောချင်ပါတယ်။”

ဗိုလ်မှူးစောလွင်တို့ ထောင်ဒဏ်ကျခံရစဉ်ကတည်းက ကယန်းပြည်သစ်ပါတီ အနေနဲ့ အသနားခံစာတင်ပေမယ် မရရှိခဲ့ဘဲ အခုလို နှစ်ပြည်ခါနီးမှာ သမ္မတဦးသိန်းစိန် လျှော့ရက်နဲ့ ပြန်လည်လွတ်မြောက်ခဲပါတယ်။

ကယန်းပြည်သစ်ပါတီဟာ အခု ချိန်အထိတော့ ပြည်ထောင်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးကို လုပ်ထားပြီး ဒေသဖွံဖြိုးရေးတွေကို ပြည်ထောင်စု အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကယန်းပြည်သစ်ပါတီ ဦးကဒီဂေါ်ရီက ပြောပါတယ်။

မော်လမြိုင်​ထောင်

မော်လမြိုင်​ထောင်မှာ​တော့​ အကျဉ်း​သား​ ၆၂ ဦး​ လွှတ်​ပေး​ခဲ့​ရမှာ ဇန်နဝါရီ ၃ ရက်​နေ့​ ည​နေပိုင်း​ ၄ နာရီခွဲအထိ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂ ဦး​ပါဝင်တယ်လို့​ သိရပါတယ်။

၁၉၉၉ ခုနှစ်ကတည်း​ ​ထောင်ဒဏ် ၁၅ နှစ်ကျခံ​နေရတဲ့​ အမျိုး​သား​ဒီမိုကစီအဖွဲ့​ချုပ် ဗဟိုလူငယ်က ကို​ကျော်မင်း​နိုင်နဲ့​ ရခိုင်တပ်မ​တော်က ဦး​ဝင်း​အောင် ​ခေါ် ရခိုင်ကြီး​တို့​ ပါဝင်ပါတယ်။

အဖွဲ့​ချုပ်က တာဝန်​ပေး​ရင် အဖွဲ့​ချုပ်တာဝန် ဆက်လက်ထမ်း​ဆောင်ပြီး​ ကျန်ရှိ​နေ​သေး​တဲ့​ နီုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ကို ဆက်လုပ်သွား​မယ်လို့​ ကို​ကျော်မင်း​နိုင်က ​ပြောပါတယ်။

---------------------------------------------------------------------------------------------

အေး​နိုင်

ကော့​သောင်း​ထောင်

ကော့​သောင်း​ထောင်မှာ အကျဉ်း​သား​ ၇၃ ဦး​ လွတ်​မြောက်​ပေမယ့်​ နိုင်ငံ​ရေး​အကျဉ်း​သား​ မပါ​ကြောင်း​ ​ကော့​သောင်း​ အန်အယ်လ်ဒီအဖွဲ့​ဝင်တဦး​က ​ပြောပါတယ်။

ကော့​သောင်း​ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၄ ဦး​ဖြစ်တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ကိုပြုံး​ချို၊​ ကို​ဇော်မင်း​ဌေး​၊​ ကို​အောင်မျိုး​ပိုင်နဲ့​ ကိုမျိုး​မင်း​ ကျန်ရှိ​နေ​သေး​တယ်လို့​ ​ပြောပါတယ်။

သရက်​ထောင်

၂၀၀၇ ပခုက္ကူ စီတန်း​လမ်း​လျှောက်ပွဲနဲ့​ သရက်​ထောင်မှာ ဆက်စပ် ဖမ်း​ဆီး​ထောင်ချထား​တဲ့​ ဦး​သန့်​ရှင်း​ ပြန်လည် လွတ်​မြောက်လာပြီး​ သူ့​မိသား​စုက ​အောင်လံမြို့​မှာ သွား​ရောက် ကြိုဆို​နေတယ်လို့​ မိတ်​ဆွေ​တွေက ​ပြောပါတယ်။

မုံရွာ​ထောင်

မုံရွာ​ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၆ ဦး​ရှိတဲ့​အနက် ဒီက​နေ့​ ည​နေပိုင်း​အထိ နိုင်ငံ​ရေး​အကျဉ်း​သား​ တ​ယောက်မှ ပြန်လည်လွတ်​မြောက်လာခြင်း​မရှိဘူး​လို့​ ​စောင့်​ကြည့်​သူ​တွေက ဆိုပါတယ်။

မြိတ်​ထောင်

မြိတ်​ထောင်မှာ​တော့​ အကျဉ်း​သား​အား​လုံး​ ၆၉ ဦး​ လွတ်​မြောက်လာပြီး​ ၅ (ည) နဲ့​ အကျဉ်း​ကျခံရတဲ့​ မိထ္တီလာမြို့​က ကိုရဲညွန့်​ လွတ်​မြောက်လာပြီး​ ပုဒ်မ ၁၃ -၁ နဲ့​ အကျခံရတဲ့​ စမ်း​ချောင်း​မြို့​နယ် အဖွဲ့​ချုပ်ဝင် ကိုထွန်း​ဝင်း​ လွတ်​မြောက်လာခဲ့​ပါတယ်။

တနင်္သာရီမြို့​နယ်က ပုဒ်မ ၁၇ -၁ နဲ့​ ချမှတ်ခံထား​ရတဲ့​ ကိုမြတ်စိုး​နဲ့​ ကိုမင်း​မင်း​ထွန်း​လည်း​ လွတ်​မြောက်လာပါတယ်။ လက်ရှိ မြိတ်​ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ဖြစ်တဲ့​ ကို​ကျော်စွာဝင်း​အောင်နဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ကို​ကျော်​ကျော်​ဌေး​ ​ခေါ် ကိုမာကီး​ ကျန်ရှိ​နေပါ​သေး​တယ်။

မန္တ​လေး​ထောင်

မန္တ​လေး​ အိုး​ဘို​ထောင်က​နေ ဒီက​နေ့​ အမျိုး​သမီး​ ၈၉ ဦး​အပါအဝင် အကျဉ်း​သား​ ၁၈၃ ဦး​လွတ်​မြောက်ရာမှာ ၁၀ ဦး​ဟာ ကယန်း​ပြည်သစ် ပါတီဝင်​တွေဖြစ်ပြီး​ ၁၀ နှစ်ဆီ ကျ​နေတာဖြစ်ပါတယ်။ သူတို့​ ၁၀ ဦး​ကို နိုင်ငံ​ရေး​အကျဉ်း​သား​ လူမှုကူညီ​ရေး​ကွန်ရက် (မန္တ​လေး​တိုင်း​) က တဦး​ကို ဘတ်တ​သောင်း​နှုန်း​ ​ပေး​အပ် လှူဒါန်း​လိုက်တယ်လို့​ ကွန်ရက်တာဝန်ရှိသူ တဦး​က ​ပြောပါတယ်။

----------------------------------------------------------------------------------------------

သာယာဝတီ​ထောင်တွင် နိုင်ငံ​ရေး​အကျဉ်း​သား​တဦး​မှ မလွတ်

မြန်မာစံ​တော်ချိန် မွန်း​လွဲ ၂း​၃၀ နာရီ

ပဲခူး​တိုင်း​ သာယာဝတီအကျဉ်း​ထောင်က​နေ အကျဉ်း​သား​ ၈၉ ဦး​ကို ပြန်လွှတ်​ပေး​မယ်လို့​ စာရင်း​ထွက်​နေပြီး​ အဲဒီစာရင်း​ထဲမှာ နိုင်ငံ​ရေး​ယုံကြည်ချက်​ကြောင့်​ ပြစ်ဒဏ်ကျသူ တဦး​တ​ယောက်မှ မပါဝင်ဘူး​လို့​ ​ထောင်​ရှေ့​သွား​စောင့်​ကြည့်​သူက ​ပြောပါတယ်။

“၈၉ ​ယောက်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ တ​ယောက်မှ မပါဘဲနဲ့​ ရိုး​ရိုး​အမှုက ၈၄​ယောက် ​ထောက်လှမ်း​ရေး​က ၅​ယောက်​ပေါ့​။ လွှတ်​တော့​မလွှတ်​သေး​ဘူး​။ ခဏ​နေရင် လွှတ်မယ် ​ပြောတယ်။ ၁နာရီထဲက လွှတ်မယ်​ပြောတာ ၂ နာရီခွဲ ၃ နာရီ​ပေါ့​ ခု။”

သာယာဝတီ​ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၃၆ ဦး​ရှိ​နေတယ်လို့​ ဆိုပါတယ်။

----------------------------------------------------------------------------------------------------

တောင်ငူ​ထောင်မှ နိုင်ငံ​ရေး​အကျဉ်း​သား​ ၆ ဦး​ လွတ်​မြောက်

မြန်မာစံ​တော်ချိန် မွန်း​လွဲ ၂း​၃၀ နာရီ

ပဲခူး​တိုင်း​ ​တောင်ငူ အကျဉ်း​ ထောင်က​နေ သမ္မတ လွတ်ငြိမ်း​ ချမ်း​သာခွင့်​ အရ ပြန်လည် လွှတ်​ပေး​မယ့်​ စာရင်း​မှာ စုစု​ပေါင်း​ ၉၇ ဦး​ စာရင်း ​ပေါက်​နေပြီး​ အခု အ သုတ်လိုက် ပြန်လည် လွတ်​မြောက် လာသူ ထဲမှာ နိုင်ငံ​ရေး​ အကျဉ်း​သား​ ၆ ဦး​ ပါဝင် တယ်လို့​ သိရ ပါတယ်။

အဲဒီ ၆ ဦး​ဟာ နယ်စပ်ဖြတ်​ကျော်မှုလို ပုဒ်မ​တွေနဲ့​ ​ထောင်ကျ​နေတာလို့​ ​စောင့်​ကြည့်​သူ ​ဒေသခံ တက်ကြွလှုပ်ရှား​သူက ​ပြောပါတယ်။

အဲဒီ ၆ ဦး​အပြင် ၁၉၈၉ ခုနှစ် ကတည်း​က ဖမ်း​ဆီး​ ခံရပြီး​ ​ထောင် ၃၂ နှစ် ကျခံ​နေ ရတဲ့​ အကြီး​ ကောင်​ခေါ် ကိုခင်​မောင်ညွန့်​ လည်း​ပါတယ်လို့​ ဆိုပါတယ်။

တောင်ငူ​ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၅၀ နဲ့​ ၆၀ အကြား​ ရှိ​နေတယ်လို့​ ဆိုပါတယ်။

---------------------------------------------------------------------------------------------------

မြန်မာစံ​တော်ချိန် မွန်း​လွဲ ၁း​၃၀ နာရီ

မန္တ​လေး​အိုး​ဘို​ထောင်တွင် နိုင်ငံ​ရေး​အကျဉ်း​သား​တဦး​မှ မလွတ်

မန္တ​လေး​ အိုး​ဘို အကျဉ်း​ ထောင်က အကျဉ်း​သား​ ၇၀ ကို ပထမ တသုတ် အဖြစ် ဒီ​နေ့​ မွန်း​လွဲ ပိုင်း​မှာ လွှတ်​ပေး​ လိုက်ပါတယ်။

ပြန်လွတ် လာသူ အမျိုး​သမီး​ တဦး​က သူအပါ အဝင် အ​ယောက် ၇၀ ကို မွန်း​လွဲမှာ လွှတ်​ပေး​ပြီး​ ည​နေပိုင်း​ ကျရင် ​နောက်ထပ် အမျိုး​သမီး​ ၁၉ ဦး​ လွှတ်​ပေး​ မယ်လို့​ သိရ​ကြောင်း​ ​ပြောပါတယ်။

ပြန်လွတ် လာသူ​တွေထဲမှာ နိုင်ငံ​ရေး​ အကျဉ်း​သား​ တ​ယောက်မှ မပါဘူး​လို့​ မိုး​လင်း​ ကတည်း​က ​ထောင်​ရှေ့​ သွား​စောင့်​ နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ လူမှု ကူညီ​ရေး​ ကွန်ရက် (မန္တ​လေး​တိုင်း​) တာဝန် ရှိသူ ဦး​ကို​လေး​က ​ပြောပါတယ်။

ဦး​ကို​လေး​ အဆို အရ ပြန်လွတ် လာသူ​ တွေထဲမှာ နိုင်ငံ​ရေး ​အကျဉ်း​သား​ ပါရှိလာ ​တော့​မယ်လို့​ မထင်​ တော့​ကြောင်း​၊​ အိုး​ဘို​ ထောင်မှာ နိုင်ငံ​ရေး​ အကျဉ်း​သား​ အမျိုး​သမီး​ ထဲကဆိုရင် မုံရွာ ဇာတိ နိုင်ငံ​ရေး​ အကျဉ်း​သား​ မတင်မာ​ဆွေ တ​ယောက်သာ ရှိတဲ့​ အ​ကြောင်း​ ​ပြောပါ တယ်။ မတင်မာ​ဆွေ ဟာ သမ္မတ ​လျှော့​ပေါ့​ပြစ် ဒဏ်အရ ပြန်လွတ်ဖွယ် မရှိ ဘူး​လို့​ ဆိုပါတယ်။

------------------------------------------------------------------------------------
အင်း​စိန်​ထောင်မှ အကျဉ်း​သား​ ၂၀၀ လွတ်၊​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၃ ​ဦး​ပါ

မြန်မာစံ​တော်ချိန် နံနက် ၁၂း​၁၅ နာရီ

သမ္မတထုတ်ပြန်တဲ့​ လွတ်လပ်​ရေး​နေ့​အကြို လွတ်ငြိမ်း​ချမ်း​သာခွင့်​အရ ရန်ကုန် အင်း​စိန်​ထောင်က​နေ အကျဉ်း​သား​ ၂၀၀ ​လောက် လွတ်​မြောက်လာရာမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ သုံး​ဦး​ပါဝင်ပါတယ်။

အဲဒီသုံး​ဦး​က​တော့​ ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ဦး​ကြည်သန်း​၊​ မန္တ​လေး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကိုသန်း​နိုင်ဦး​နဲ့​ ကယန်း​လက်နက်ကိုင်အဖွဲ့​တခုက ​စေး​ကလယ်ရယ် သုံး​ဦး​ပဲ ပါဝင်တယ်လို့​ ဆိုပါတယ်။

အဲဒီသုံး​ဦး​ထဲမှာ ဆရာ ဦး​ကြည်သန်း​ (​ခေါ်) ကိုကြီး​သန်း​ဟာ ​ထောင်ဒဏ် ကိုး​နှစ်ခွဲချမှတ်ခံရရာက ​လေး​နှစ် အယူခံနိုင်တဲ့​အတွက် ငါး​နှစ်ခွဲကျန်ပြီး​ ဒီက​နေ့​ လွတ်ရက်​စေ့​ပါတယ်။ ဒါ​ပေမယ့်​ ​ထောင်က လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​တဲ့​စာရင်း​ထဲ ထည့်​ထား​တယ်လို့​ဦး​ကြည်သန်း​က ​ပြောပါတယ်။

မန္တ​လေး​ အိုး​ဘိုအကျဉ်း​ထောင်မှာ​တော့​ မြန်မာစံ​တော်ချိန် မနက် ၁၁း​၁၅ နာရီ အထိ မလွှတ်​ပေး​သေး​ပါဘူး​။

တောင်ငူ​ထောင်ဘက်မှာ​တော့​ သမ္မတကလွတ်ငြိမ်း​ချမ်း​သာခွင့်​ဆို​ပေမယ့်​ ​လျော့​ပေါ့​ပေး​တာဖြစ်​နေတဲ့​အတွက် အခုမှ စာရင်း​တွက်​နေတုန်း​ပဲလို့​ ​စောင့်​ကြည့်​အကဲခတ်​တွေက ​ပြောပါတယ်။

-------------------------------------------------------------------------------------

ဦး​ကြည်သန်း​ လွတ်​မြောက်

မြန်မာစံ​တော်ချိန် နံနက် ၁၁း​၀၅ နာရီ

ရှစ်ဆယ့်​ရှစ်မျိုး​ဆက် ​ကျောင်း​သား​တဦး​ဖြစ်တဲ့​ ဆရာ ဦး​ကြည်သန်း​ဟာ ဒီက​နေ့​အင်း​စိန်​ထောင်က ပြန်လွတ်လာပါတယ်။

ဦး​ကြည်သန်း​နဲ့​ ​မေး​မြန်း​ထား​တာကို ဆက်လက်တင်ပြ​ပေး​ပါမယ်။

ဦး​ကြည်သန်း​နှင့်​ ​မေး​မြန်း​ချက်

သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ လွတ်တာလား​။ နှစ်​စေ့​လို့​ လွတ်တာလား​။

“ကျ​နော်က ဒီ​နေ့​လွတ်ရက်​စေ့​ပါတယ်။ လွတ်ငြိမ်း​ချမ်း​သာခွင့်​တုန်း​ကလည်း​ ပါပါတယ်။”

လွတ်ငြိမ်း​ချမ်း​သာထဲမှာလည်း​ ပါတယ်။ လွတ်ရက်လည်း​စေ့​တယ်​ပေါ့​။ ၈၈ မျိုး​ဆက်ထဲက ကို​ပေါ်တို့​၊​ ကိုကိုကြီး​တို့​သတင်း​ကော ဘာကြား​သေး​လဲ။

“အထဲမှာဆို​တော့​ မကြား​ပါဘူး​။ သူတို့​ကျန်း​မာ​ရေး​ ​ကောင်း​အောင်ပဲ ဆု​တောင်း​ပေး​နေရတယ်။ သူတို့​လက်ရှိအ​နေအထား​အရ သူတို့​မူဝါဒအရပဲ ဆက်သွား​ဖို့​ ရှိပါတယ်။”

ထောင်ထဲမှာ ဂျာနယ်​တွေဘာ​တွေ ဖတ်ရ​တော့​ ပြည်ပမှာရှိတဲ့​ နိုင်ငံ​ရေး​အ​ခြေအ​နေ​တွေကို ဘယ်လိုမျိုး​သုံး​သပ်လဲ။

“သနပ်ခါး​လူ​နေတဲ့​ အဆင့်​လို့​ သတ်မှတ်ပါတယ်။ ဒီကိစ္စက ၈၈ ​တွေ ​တောင်း​ဆိုထား​တဲ့​ကိစ္စ​တွေ၊​ ၈၈ ​တွေက နဂိုကတည်း​က ၂၀၀၅ ​ထောင်က ထွက်လာပြီး​တဲ့​အချိန်က စပြီး​ မြန်မာပြည်မှာ လိပ်ခဲတည်း​လည်း​ဖြစ်​နေတဲ့​ ကျ​နော်တို့​လည်း​ ခင်များ​တို့​အ​ပေါ်မှာ ရန်အာဃာတ​တွေ မထား​ဘူး​။ အခုလည်း​ ကျ​နော်တို့​ ၈၈ အား​လုံး​က အာဃာတမထား​ဘူး​။ ​ဆွေး​နွေး​ကြပါ။ ရလာဒ်တခုကို ​ဆွေး​နွေး​ကြပါ။ အန်အယ်လ်ဒီကလည်း​ ​ဆွေး​နွေး​ပါ။ နအဖဘက်ကလည်း​ ​ဆွေး​နွေး​ပါ။ တကယ်လို့​ ​ဆွေး​နွေး​လို့​ တူတာ​လေး​တွေထွက်လာရင် တူတာ​လေး​တွေကို ဝိုင်း​လုပ်ကြမယ်။ မတူတာ​တွေကို ခန​လေး​ ​ဘေး​ဖယ်ထား​မယ်။ အဲဒီမူဝါဒအတိုင်း​ ကိုင်ဆွဲပြီး​တော့​ အန်အယ်လ်ဒီကို ကျ​နော်တို့​ ဝိုင်း​ရံခဲ့​တာပါ။ ဒါလည်း​ ​ခေါင်း​ဆောင်​တွေ သိပါတယ်။”

ဦး​ကြည်သန်း​တို့​ ​ဆောင်ရွက်ချက်​တွေက အခုဆိုရင် နည်း​နည်း​ ​ရှေ့​ကိုသွား​နေပြီလို့​ ​ပြောလို့​မရဘူး​လား​။ သမ္မတနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​တောင် စကား​တွေဘာ​တွေ ​ပြောပြီး​ပြီ။

“လွှတ်​တော်ထဲမှာ ကျ​နော်တို့​လည်း​ဝန်ခံထား​ပါတယ်။ လွှတ်​တော်ထဲမှာ အ​ယောက် ၆၀ ရှိလို့​ရှိရင် ၂ဝက သ​ဘောထား​တင်း​မာတယ်။ ၂၀ က​တော့​ ကျ​နော်တို့​ဘက်မှာရှိ​နေတယ်။ အဲဒီသ​ဘောမျိုး​။ ဒါက ကျ​နော်တို့​က​တော့​ အ​ကောင်း​မြင်ပါတယ်။ ကျ​နော်တို့​ ​ထောင်ထဲထိ အများ​ကြီး​နေခဲ့​ဖူး​ပြီ။ ၈၈ တုန်း​ကလည်း​ ​နေခဲ့​တယ်။ အခုလည်း​ ​နေခဲ့​ဘူး​တယ်။ အများ​ကြီး​ပဲ ဖြတ်သန်း​ခဲ့​ဘူး​ပြီဆို​တော့​ ကျ​နော်တို့​ ဖြတ်သန်း​ခဲ့​တဲ့​ကာလမှာ ယခုလို မီဒီယာကဏ္ဍ​တွေကလည်း​ ပွင့်​လင်း​လာတယ်ဆို​တော့​ အများ​ကြီး​ ​မျှော်လင့်​ပါတယ်။ ဖြစ်တယ်မဖြစ်ဘူး​ဆိုတာ ​စောင့်​ကြည့်​ရမှာ​ပေါ့​။ ကျ​နော်တို့​ဘက်က ထိုင်ပြီး​စောင့်​ကြည့်​နေမှာမဟုတ်ဘူး​။ ကျ​နော်တို့​က အမြဲတမ်း​ လက်ရှိသမ္မတကြီး​ ဦး​သိန်း​စိန်နဲ့​ ​တောင်း​ဆို​နေမှာပါ။ ဖြစ်သင့်​ဖြစ်ထိုက်တာ​တွေကို တင်ပြ​နေမှာပါ။”

၈၈ မျိုး​ဆက် အား​လုံး​ ၃၇ ​ယောက်မှာ ပထမ ဦး​ကြည်သန်း​တို့​က ၁၃ ​ယောက်တအုပ်စု၊​ ကျန်တဲ့​ ၂၇ ​ယောက်က​တော့​ ကျိန်း​သေတယ် မလွတ်ဘူး​ဆို​တော့​ အဲဒီလူ​တွေက ရှစ်​လေး​လုံး​ကာလက ဒီမိုက​ရေစီ ​တောင်း​ဆိုတာ မဟုတ်ဘူး​လား​။ အခုသမ္မတကလည်း​ ဒီမိုက​ရေစီ သွား​မယ်ဆို​တော့​ သူတို့​ချင်း​ သ​ဘောထား​မတိုက်ဆိုင်ဘူး​လား​။ ဘာ​ကြောင့်​ဖမ်း​တာလဲ၊​ ဘယ်လိုမြင်လဲ။

“အခုက မာရှယ်​လောနဲ့​ဖမ်း​တာ​လေ။ တပ်မ​တော်အစိုး​ရကဖမ်း​တာ။ ခုန​ပြောတဲ့​ထဲမှာ ပါသွား​တယ်​လေ။ လက်ရှိ ဦး​သိန်း​စိန်တို့​ကလည်း​ ဒီမိုက​ရေစီကို သွား​နေတယ်။ အန်အယ်ဒီအပါအဝင် ကျ​နော်တို့​ ၈၈ ကလည်း​ အာဃာတမထား​ပါဘူး​။ ဒီမိုက​ရေစီကိုပဲ သွား​မှာပါ။ ဒီမက်​ဆေ့​က​လေး​ကို ​ရောက်​အောင်ပို့​ပေး​နိုင်မယ်ဆိုရင် ကျ​နော်တို့​လည်း​ အမြဲတမ်း​ပို့​နေမှာပဲ။ ဒီထက်ပိုပြီး​ အ​ခြေအ​နေ​ကောင်း​မယ်လို့​ ​မျှော်လင့်​တယ်ဆိုတာ အဲဒါကို​ပြောတာပါ။”

လုပ်​ဖော်ကိုင်ဖက်​တွေ အများ​ကြီး​ကျန်ခဲ့​တယ်။ သံဃာ့​ခေါင်း​ဆောင်​တွေလည်း​ကျန်တယ်။ ဒီလွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ပတ်သက်ပြီး​ ဦး​ကြည်သန်း​ဆီက ထင်မြင်ချက်​တောင်း​မယ်ဆိုရင် ဘယ်လို​ပြောပြနိုင်မလဲ။

“အဲဒီကိစ္စနဲ့​ပတ်သက်ပြီး​တော့​ ​ပြောရရင်​တော့​ အင်မတန်နည်း​ပါတယ်။ လက်ရှိ အင်း​စိန်​ထောင်မှာ သာမန်သီး​သန့်​ ၃ ​ယောက် လွှတ် တယ်လို့​ ညွှန်မှူး​က ​ပြောပါတယ်။ နိုင်ငံ​ရေသမား​အရဆိုရင် မန္တ​လေး​က ၁ ​ယောက်၊​ ၈၈ က ၂ ​ယောက်ပဲ လွတ်တယ်လို့​ ကြား​ရတယ်။ အင်မတန်နည်း​ပါတယ်။ အခုလွှတ်​ပေး​ဖို့​ သမ္မတကြီး​ကိုလည်း​ ​တောင်း​ဆိုပါတယ်။”

-------------------------------------------------------------

မန္တ​လေး​ အိုး​ဘို​ထောင်​ရှေ့​ အကျဉ်း​သား​မိသား​စု ၂၀၀ ခန့်​ ​စောင့်​ဆိုင်း
မြန်မာစံ​တော်ချိန် ၉း​၃၀ နာရီ

ဇန်နဝါရီ ၂ ရက် ရက်စွဲနဲ့​ ထုတ်ပြန်လိုက်တဲ့​ သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ အမိန့်​အရ ပြန်လွတ်လာသူစာရင်း​ထဲမှာ ကိုယ့်​မိသား​စုအသိုင်း​အဝိုင်း​ထဲက ပါလာမလား​ဆိုပြီး​ မန္တ​လေး​ အိုး​ဘို​ထောင်​ရှေ့​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​မိသား​စု​တွေ လူ ၂၀၀ ခန့်​ ​စောင့်​ဆိုင်း​နေတယ်လို့​ ​ထောင်​ရှေ့​ရောက်​နေသူတဦး​က ​ပြောပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​များလူမှုကူညီ​ရေး​ကွန်ရက် (မန္တ​လေး​တိုင်း​) က တာဝန်ရှိသူ ဦး​ကို​လေး​က နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၀ ဦး​ ပါမယ်ဆိုတဲ့​ အသံထွက်​နေတယ်လို့​ ​ပြောပါတယ်။

--------------------------------------------------------------------------------------------------------------

အင်း​စိန်​ထောင်​ရှေ့​ လုံခြုံ​ရေး​များ​ ထူထပ်စွာချထား

မြန်မာစံ​တော်ချိန် နံနက် ၈း​၁၅ နာရီ


ရန်ကုန် အင်း​စိန်အကျဉ်း​ထောင်​ရှေ့​မှာ လုံခြုံ​ရေး​ထူထူထပ်ထပ်ချထား​တာ မြင်​တွေ့​ရတယ်လို့​ ​ထောင်​ရှေ့​ရောက်​နေသူတဦး​က ​ပြောပါတယ်။

“အင်း​စိန်​ထောင်​ရှေ့​အ​ခြေအ​နေက​တော့​ ရဲကား​တွေ လုံခြုံ​ရေး​ကား​တွေက အပြည့်​ပဲ။ သတင်း​ထောက်​တွေလည်း​ တချို့​တဝက်​တော့​ ​ရောက်​နေပြီ။ ​စောင့်​တဲ့​လူက​တော့​ ၃၀-၄၀ ​လောက်ပဲရှိ​သေး​တယ်။ အခုချိန်ထိ ဘာမှလှုပ်ရှား​မှု မရှိ​သေး​ဘူး​။”

---------------------------------------------------------------------------------------------------------------------

ရှစ်ဆယ့်​ရှစ်မျိုး​ဆက် ဆရာဦး​ကြည်သန်း​ လွတ်ရက်​စေ့​သဖြင့်​ ဇနီး​သည်ကြို

မြန်မာစံ​တော်ချိန် နံနက် ၈ နာရီ

ရှစ်ဆယ့်​ရှစ်မျိုး​ဆက် ​ကျောင်း​သား​တဦး​ဖြစ်တဲ့​ ဆရာ ဦး​ကြည်သန်း​ဟာ ဒီက​နေ့​ လွတ်ရက်​စေ့​ပြီဖြစ်တဲ့​အတွက် ဇနီး​ဖြစ်သူ မဝါဝါ​ကျော်က အင်း​စိန်​ထောင်​ရှေ့​မှာ လာ​ရောက်ကြိုဆို​နေပါတယ်။

ဦး​ကြည်သန်း​ဟာ ၂၀၀၇ ခုအတွင်း​ ​လောင်စာဆီ​ဈေး​နှုန်း​တွေ ရုတ်တရက်မြင့်​တက်လိုက်ပြီး​တဲ့​ ​နောက် ဆန္ဒပြပွဲ​တွေမှာ ပါဝင်ခဲ့​မှုနဲ့​ အဖမ်း​ခံခဲ့​ရပြီး​ နှစ်ရှည်​ထောင်ဒဏ် ချမှတ်ခံခဲ့​ရတာပါ။

ထောင်ဒဏ် ကိုး​နှစ်ခွဲချမှတ်ခံရရာက ​လေး​နှစ် အယူခံနိုင်တဲ့​အတွက် ငါး​နှစ်ခွဲကျန်ပါတယ်။ ဒါ​ကြောင့်​ ဒီက​နေ့​ လွတ်ရက်​စေ့​တဲ့​အတွက် လာ​စောင့်​နေတာလို့​ မဝါဝါ​ကျော်က ​ပြောပါတယ်။

“ဒီ​နေ့​က လွတ်ရက်​စေ့​လို့​ လာ​စောင့်​ကြို​နေတာ။ လွတ်ငြိမ်း​ချမ်း​သာနဲ့​မဟုတ်ဘူး​။ လွတ်ရက်​စေ့​လို့​လွတ်တာ။ အမှန်မှာ လွတ်ရက်​စေ့​ပြီး​ သူ့​ဟာသူပြန်လာရမယ့်​ကိစ္စကို အခု​တော့​ ​ပြောတဲ့​ဟာ​တွေ နား​ထောင်ရဦး​မှာ​ပေါ့​။ ဩဝါဒ​ပေး​တာနား​ထောင်ရဦး​မယ်။ လွတ်ရက်​စေ့​ရင် နား​ထောင်စရာမလိုဘူး​။ နိုဘယ်လ်​အေး​ရယ်၊​ ​နောက်တ​ယောက် ဘယ်သူလဲမသိဘူး​။ သူတို့​က ကျန်​နေတယ်။”

ဆရာဦး​ကြည်သန်း​ဟာ ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ၃၇ ဦး​နဲ့​ အမှုတွဲတတွဲတည်း​ဖြစ်ပြီး​ အရင်တကြိမ် သမ္မတလွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​တုန်း​က ကိုကိုကြီး​ (စမ်း​ချောင်း​) တို့​ ပြန်လွတ်​မြောက်လာ​ပေမယ့်​ အင်း​စိန်​ထောင်တွင်း​ ကျန်​နေရစ်တာလို့​ မဝါဝါ​ကျော်က ​ပြောပါတယ်။

No comments: