Wednesday, January 4, 2012

လွတ်မလာခြင်း ရုပ်ရှင်ပွဲတော်ဟု ဇာဂနာပြော

ရွှေအောင်

လွတ်လပ်ခြင်း အနုပညာပွဲတော်ကို သုံးရက် တိုင်တိုင် ကျင်းပခဲ့ပြီး ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ ညနေပိုင်းမှာ ဆုရတဲ့ ရုပ်ရှင်ကားတွေကို ကြေညာပြီး ဆုပေးတော့မှာ ဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ ရုပ်ရှင်ပွဲတော်မှာပြသခဲ့တဲ့ ဆန်ကာတင်ကား ၅၄ ကားထဲမှာ ကား ၅၀ လောက်ဟာ ရုပ်ရှင်လောကက မဟုတ်တဲ့ မျက်နှာသစ်လူငယ်တွေချည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပွဲကျင်းပရေးအမှုဆောင် တဦးဖြစ်တဲ့ သရုပ်ဆောင် ဒါရိုက်တာ ကိုသူရ ခေါ် ဇာဂနာက သူ့တသက်မှာ ဒီလောက်ကောင်းမွန်ပြီး အဆင့်အတန်းမီတဲ့ ဇာတ်ကားတွေ မကြည့်ဖူးဘူးလို့ ဆိုပါတယ်။

လွတ်လပ်ခြင်း အနုပညာပွဲတော်ဆိုတာနဲ့ အညီ တင်ပြထားတဲ့ ဆန်ကာတင် ဇာတ်လမ်းတပုဒ်ကိုလည်း ကိုသူရက ပြောပြပါတယ်။

“ငှက်က လှောင်အိမ်ထဲက ငှက်တွေလိုက်ရောင်းနေတဲ့ ကလေးဆီကနေ ပိုက်ဆံပေးပြီး လွှတ်တာလေ။ လွှတ်ရင်းနဲ့ ခဏနေ ဈေးသည်က ရောက်လာလိုက် ၀ယ်ပြီးတော့ ပေးလိုက်နဲ့ တခါက နှစ်ခါ၊ သုံးခါလည်း ရောက်ရော လှောင်ချိုင့်ပါ ၀ယ်ထားလိုက်တာ။ လှောင်ချိုင့်ပါ ၀ယ်လိုက်တဲ့ အချိန်မှာ အဲဒါက လွတ်လပ်ရေး ကျောက်တိုင်ရှေ့မှာ ဖြစ်နေတာ အဲဒါတွေ အားလုံးက။ အဲဒီအချိန်မှာပဲ လှောင်ချိုင့်ပါ ၀ယ်ပြီးပြီ။ အားလုံး လွတ်မြောက်ကြပါစေဆိုပြီး လုပ်လိုက်တဲ့အချိန်မှာ ငှက်သည်က သူ့နောက်က ဖြတ်သွားတာ လှောင်ချိုင့် နောက်တလုံး အသစ်နဲ့၊ စကားတခွန်း​မှ ​ပြောမသွား​ဘူး။”

ဆန်ကာတင်ဇာတ်ကား ၅၄ ကားကို ပွဲတော်ရက် သုံးရက်အတွင်း နေ့တိုင်း အများပြည်သူကို အခမဲ့ပြသခဲ့တာ ဖြစ်ပြီး ပြပွဲလာ ပရိသတ် တွေ အထူး နှစ်သက်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။ လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော် လုပ်ရခြင်း အကြောင်းတခုနဲ့ စိတ်ဓာတ်ကျ မိပုံ ကိုလည်း ကိုသူရက ခုလိုပြောပြခဲ့ပါတယ်။

“ကျနော်မျှော်လင့်ချက်က ၄ ရက်နေ့မှာ လွတ်လပ်ကြပါစေလို့ဆိုတဲ့ ဆန္ဒနဲ့ ကျနော့်မှာ လွတ်လပ်ခြင်းပွဲတော် ရုပ်ရှင်ပွဲတော်ဆိုပြီး လုပ် လိုက်တာ အခုတော့ လွတ်မလာခြင်း ရုပ်ရှင်ပွဲတော်လို့ ပြောရတော့မယ်။ စိတ်ဓာတ်တော်တော် ကျမိတယ်။”

လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်ကို ပထမအကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်နဲ့မှတ်တမ်း ကားပေါင်း ၁၈၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဆန်ကာတင် ၅၄ ကား ရွေးချယ်ပြီး ပရိသတ်ကို ချပြခဲ့တာပါ။ အဲ့ဒီထဲကမှ ဆုငါးဆု ရွေးချယ် ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်။

No comments: