Thursday, January 12, 2012

ငြိမ်းချမ်းရေး ဆွေးနွေးစဉ် အစိုးရတပ်ကို မပစ်ခတ်ရန် ကေအန်ယူက ညွန်ကြားထား

အဇ


ငြိမ်းချမ်းရေး ဆွေးနွေး နေချိန် အစိုးရ တပ်ကို နှောင့်ယှက် ပစ်ခတ်မူ မလုပ်ရန် ကရင် အမျိုးသား အစည်းအရုံး (KNU)က တပ်များကို ညွန်ကြား ထားသည်။

ဇန်န၀ါရီလ ၂ ရက်နေ့က ညွှန်ကြားစာကို KNU တပ်မဟာ ၆ ထံသို့ ရောက်ရှိ လာသည်ဟု တပ်မဟာ ၆ မှ ဗိုလ်ကြီးစောထဲနေက ပြောသည်။

”ကြေနန်းစာက ၂ ရက်နေ့မှာ ကျနော်တို့ရတယ်၊ စာထဲမှာ ကေအန်ယူနဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်ဖြစ်တဲ့အတွက် မိမိနယ်မြေ အတွင်း အစိုးရတပ်၏ ဖြတ်သန်း သွားလာမူကို ပစ်ခတ် နှောင့်ယှက်မူ မပြုဖို့ ညွန်ကြားထားတယ်” ဟု သူက ပြောသည်။

ယင်းညွန်ကြားချက်ကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် အစိုးရတပ်က ကရင်ပြည်နယ် ကြားအင်ဆိပ်ကြီးမြို့နယ်မှ ဘုရား သုံး ဆူနယ်စပ်သို့ ရောက်ရှိလာသော် လည်း KNUက တိုက်ခိုက် ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ဟုလည်း သိရသည်။

“လုံလုံခြုံခြုံနဲ့ သူတို့ဘုရားသုံးဆူကို ရောက်လာတယ်၊ ကျနော်တို့တပ်က အမိန့်စာ အတိုင်းမပစ်ဘူး” ဟု ဗိုလ်ကြီးစောထဲနေက ဆိုသည်။

ငြိမ်းချမ်းရေးမဆွေးနွေးစဉ်က အစိုးရတပ်များ ဘုရားသုံးဆူမြို့သို့ အခြေစိုက်ရန် လာရောက်စဉ်က KNUတပ်၏ ပစ်ခတ်မှုကို မကြာ ခဏ ခံခဲ့ရသည်။

KNUက မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရယူမူ သဘောတူညီချက်များရယူစဉ် အောက်ခြေရှိ KNU တပ်များက တောင်းဆိုချက် တချို့ပြုလုပ် ခဲ့သည်ဟုလည်း သိရသည်။

“သူတို့ငြိမ်းချမ်းရေးဆွေးနွေးတာ ကျနော်တို့ တပ်မဟာ ၆ ကတော့ သဘောတူပါတယ် ၊ နှစ် ၆၀ ပြည်တွင်းစစ်ကြောင့် ကျနော်တို့မှာ စီးပွားရေး လူမူရေး၊ ပညာရေး၊ ဘာသာရေး တွေဖွံ့ဖြိုးတိုးတက်မူ မရှိခဲ့ဘူး၊ ကရင်လူထုကပဲ လူ့အခွင့်အရေးချိုးဖောက်မူတွေ အများကြီးခံရတယ်” ဟု ဗိုလ်ကြီးစောထဲနေက ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်က ထိုင်း-မြန်မာနယ်စပ်တွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနှင့် ကရင် ကိုယ်စားလှယ်များ ပထမအကြိမ်တွေ့ဆုံခဲ့ကြသည်။

ဒုတိယအကြိမ်အဖြစ် ထပ်မံတွေ့ဆုံရန် ကရင်ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက ဘားအံမြို့သို့ ယနေ့ မနက်ပိုင်းက ထွက်ခွာ သွားပြီ ဖြစ်သည်။

No comments: