Tuesday, January 24, 2012

တံခါးဖွင့်ကြိုဆိုလိုက်ပါ

ဧရာဝတီ

သမ္မတ ဦးသိန်းစိန် အစိုးရ အနေဖြင့် လူထု လေးစားသော နိုင်ငံရေး အကျဉ်း သားများကို ယခု နှစ်ဆန်းတွင် နှစ်ကြိမ် လွှတ်ပေး လိုက် ခြင်းသည် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် လှမ်းနေသော ခြေလှမ်းများထဲက ရဲဝံ့သော ခြေတလှမ်းဟု ဆိုချင်ပါသည်။

ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့သူများ ဖြစ်သည့် မကြာခင်က လွတ်မြောက်လာသော ၁၉၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်း ကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုမြအေး စသူတို့သည် ယခုအခါတွင် မြန်မာ့နိုင်ငံရေး၌ ဒေါ်အောင်ဆန်းစုကြည် ပြီး လျှင် လူထုကို ကိုယ်စားပြုနိုင်သည့်၊ လူထုက ယုံကြည်ကိုးစားမှုကို ရမည့် အင်အားစု အဖြစ် ရှိနေမည်ဟု အခိုင်အမာ ယုံကြည်ပါသည်။

အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအား ယခုနှစ်မကုန်ခင်၌ မြန်မာအစိုးရက အပြီးသတ် လွှတ်ပေး မည်ဟု ပြည်တွင်း ပြည်ပက မျှော်လင့်ထားပါသည်။ နိုင်ငံတကာမှလည်း အပြုသဘောဖြင့် တုန့်ပြန်နေပြီဖြစ်သည်။

လွတ်မြောက်ပြီးသည့် အချိန်မှစ၍ ကိုမင်းကိုနိုင်အပါအဝင် လွတ်မြောက်လာသူများ၏ ပြောဆိုချက်များကို လေ့လာကြည့်ပါက ထိုသူတို့သည် ဒီမိုကရေစီအရေး၊ တိုင်းပြည် ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး တို့အတွက် အားကြိုးမာန်တက် မဆုတ်မနစ် ဆက်လက် လုပ်ဆောင် သွားကြဦးမည့် သူများဟု ရာနှုန်းပြည့် မြင်မိပါသည်။

ထိုသူတို့၏ ခွန်အားများကို ယူ၍ နိုင်ငံတော်တွင် ဒီမိုကရေစီ ပြန့်ပွားရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး တို့ကို အစိုးရ နှင့် လက်ရှိ အတိုက်အခံများက အားကြိုးမာန်တက် လုပ်ဆောင်သင့်ပါသည်။

ထို့ကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရ အနေနှင့် ယခု လက်ရှိ လုပ်ဆောင်နေသည့် သဘောထား ပေါ်လစီအတိုင်း အတိုက်အခံများနှင့် တွေ့ဆုံခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ခေါ် ဆွေးနွေးခြင်းများ ပြုသကဲ့သို့ ထို ကျောင်းသား ခေါင်းဆောင်ဟောင်း များကိုလည်း ခေါ်ယူတွေ့ဆုံ ဆွေးနွေးသင့်ကြောင်း၊ တံခါးဖွင့် ကြိုဆိုသင့်ကြောင်း အယ်ဒီတာ့ အာဘော်မှ အကြံပြုလိုက်ပါသည်။

No comments: