ကိုထွေး
ရာစုနှစ်တဝက်ကျော်ကာလအတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ အဆင့်မြင့်သံတမန်တဦးအဖြစ် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ် ဒီကနေ့မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။
ဒီကနေ့ မနက် နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဝဏ်ဏမောင်လွင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းနဲ့ ဆွေးနွေးပွဲအကြောင်းအရာ အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ရန်ကုန်အခြေစိုက် ဗြိတိန် သံရုံးကပြောပါတယ်။
“လက်ရှိ သူတို့တွေ့ဆုံနေတဲ့ အချိန်ဖြစ်လို့ တခြား အသေးစိတ် မှတ်ချက်တွေကို မပေးနိုင်ပေမယ့် သူက သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ သူရရွှေမန်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်” လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမယ့် ၃ နှစ်အတွင်းမှာ အမေရိကန် ဒေါ်လာ ၂၈၉ သန်းနဲ့ ညီမျှတဲ့ စတာလင်ပေါင် ၁၈၅ သန်း ပေးသွားမယ်လို့ အရင်ကတည်းက ကြေညာထားခဲ့ပါတယ်။
ဝီလီယံဟိတ်ဟာ ညနေပိုင်းမှာတော့ ရန်ကုန်ကို ပြန်လာပြီးတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညစာ စားမှာဖြစ်သလို သောကြာနေ့ မနက် ၁၀ နာရီလောက်မှာ ထပ်မံတွေ့ဆုံ ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။
ဗြိတိန်ဝန်ကြီးဟာ သူ့ရဲ့ ၂ ရက်တာခရီးစဉ်အတွင်း ရန်ကုန်မှာ တိုင်းရင်းသားခေါင်းဆောင်တွေ ကိုဇာဂနာအပါအဝင် လူမှုရေးအဖွဲ့တွေနဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
မနက်ဖြန် မြန်မာပြည်က မထွက်ခွာခင်မှာတော့ တွေ့ဆုံမှုတွေအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးတော့ ပြောသွားဖို့ရှိတယ်လို့ ဗြိတိန်သံရုံးက ပြောပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ဝီလျံဟိတ်ရဲ့ ကြေညာချက်မှာတော့ လက်ရှိမြန်မာအစိုးရ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေကို အားပေးတဲ့နေနဲ့ သွားရောက်တာလို့ရေးသားထားပါတယ်။
ဒါ့အပြင် ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ ဆက်လွှတ်ပေးဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ပဋိပက္ခဖြစ်ပွားရာ နေရာကို လူသားချင်းစာနာမှု အကူအညီတွေပေးခွင့်ပေးဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ယုံကြည်ရအောင်လုပ်ဆောင်ဖို့ ကိစ္စတွေ မြန်မာအစိုးရကို တောင်းဆိုမယ်လို့ဆိုပါတယ်။
ဗြိတိန်နိုင်ငံဟာ အမေရိကန်နဲ့ အတူ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ အထီးကျန်ဖြစ်အောင် သံတမန်ရေး အဆက်အသွယ် သိပ်မလုပ်ဘဲ ထားတဲ့နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ကတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်ဟာ မြန်မာနိုင်ငံကို နှစ်ပေါင်း ၅ဝကျော်အတွင်း ပထမဆုံးသွားရောက်တဲ့ အမေရိကန် အဆင့်မြင့် သံတမန်တဦးအဖြစ် ရောက်ရှိလာခဲ့ပါတယ်။
၁၉၅၅ခုနှစ်က ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အန်သိုနီအီဒန်ဟာ မြန်မာနိုင်ငံကို နောက်ဆုံး သွားရောက်ခဲ့တဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။
No comments:
Post a Comment