Tuesday, January 3, 2012

လွတ်ငြိမ်း​ချမ်း​သာခွင့်​အမိန့်​နှင့်​ပတ်သက်ပြီး​ ​ဝေဖန်သုံး​သပ်ချက်များ

နော်နိုရင်း

ဒီနှစ်သစ် ဇန်ဝါရီလ ၂ ရက်​နေ့​ ည​နေ ၄ နာရီမှာ သမ္မတ ဦး​သိန်း​စိန် အမိန့်​နဲ့​ အကျဉ်း​သား​ လွတ်ငြိမ်း​ ချမ်း​သာ ခွင့်​ကို ​ကြေညာ လိုက်ပါတယ်။

ဒါ​ပေမယ့်​ ဒီလွတ်ငြိမ်း​ ချမ်း​သာခွင့်​ အမိန့်​ဟာ စစ်မှန်တဲ့​ လွတ်ငြိမ်း​ ချမ်သာခွင့်​ မဟုတ်ဘဲ နိုင်ငံ​ရေး​ အကျဉ်း​သား​ အ​တော် များ​များ​ လွတ်ဖို့​ အလား​ အလာ နည်း​နေ တယ်လို့​ ​ဝေဖန် သုံး​သပ် မှု​တွေ ရှိ​နေ ပါတယ်။

၆၄ နှစ်​မြောက် လွတ်လပ်​ရေး​ နေ့​ကို ကြိုဆို ဂုဏ်ပြုတဲ့​ အ​နေနဲ့​ သမ္မတ ဦး​သိန်း​စိန်ရဲ့​ လွတ်ငြိမ်း​ ချမ်း​သာခွင့်​ အမိန့်​ကို နိုင်ငံပိုင် ရုပ်သံလိုင်း​နဲ့​ ​ရေဒီယို​ တွေက ဇန်နဝါရီလ ၂ ရက် ည​နေ ၄ နာရီမှာ ​ကြေညာ သွား​ခဲ့​ ပါတယ်။

လွတ်ငြိမ်း​ချမ်း​သာခွင့်​အရ ​သေဒဏ်ချမှတ်ခံရသူ​တွေကို ​ထောင်ဒဏ်တသက်၊​ ​ထောင်ဒဏ်တသက် အထိ မဟုတ်ဘဲ နှစ် ၃ဝ အထက် ကျခံ​နေရ​တွေကို နှစ် ၃ဝ၊​ နှစ် ၂ဝ က​နေ နှစ် ၃ဝ အထိ ကျခံ​နေရသူ​တွေကို နှစ် ၂ဝ၊​ နှစ် ၂ဝ ​အောက် ကျခံ​နေရသူ​တွေကို ချမှတ်ထား​တဲ့​ ​ထောင်ဒဏ်ရဲ့​ ​လေး​ပုံတပုံ အသီး​သီး​ ​လျှော့​ပေါ့​လိုက်​ကြောင်း​ ​ကြေညာသွား​ခဲ့​ပါတယ်။

ဒီလွတ်ငြိမ်း​ချမ်း​သာမိန့်​နဲ့​ပတ်သက်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က​တော့​ ဒီအမိန့်​ဟာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေအတွက် သတ်မှတ်ထုတ်ပြန်တဲ့​ အမိန့်​မဟုတ်ဘူး​လို့​ ​ပြောပါတယ်။

“နိုင်ငံ​ရေး​အကျဉ်း​သား​တွေအတွက် သတ်မှတ်ပြီး​ ထုတ်ပြန်တဲ့​အမိန့်​မဟုတ်ဘူး​။ ​နောက်ပြီး​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ဆိုတာထက် ပြစ်ဒဏ်​လျှော့​ပေါ့​တဲ့​ အမိန့်​ပဲ​လေ။ အဲ​တော့​ လွတ်တာ​တော့​ ဘယ်သူလွတ်လွတ် အန်ကယ်တို့​က ဝမ်း​သာတယ်။ ဒါ​ပေမယ့်​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အထူး​သဖြင့်​ လွတ်​စေချင်တယ်။”

ဒီလွတ်ငြိမ်း​ချမ်း​သာခွင့်​အမိန့်​ဟာ ကစား​ကွက်တခုသာဖြစ်ပြီး​ အစိုး​ရအ​နေနဲ့​ ရိုး​သား​မှု မရှိဘူး​လို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​က နိုင်ငံ​ရေး​အကျဉ်း​သူ​ဟောင်း​ မဇင်မာ​အောင်က ​ပြောပါတယ်။

“ကျမတို့​အား​လုံး​ ဖြစ်​စေချင်တာ​တွေက နိုင်ငံ​ရေး​အကျဉ်း​သား​ လွှတ်ခြင်း​ကိစ္စနဲ့​ ဒီမိုက​ရေစီအသွင်​ပြောင်း​လဲ​ရေး​ကိစ္စ​တွေဟာ အင်မတန်အ​ရေး​ကြီး​တဲ့​ ဆက်စပ်မှုတခုလို့​ ကျမတို့​ကမြင်တယ်။ ဒါ​ကြောင့်​မို့​လည်း​ တကယ့်​ ဒီမိုကရက်တစ် အ​ပြောင်း​အလဲမှာ ပါနိုင်တဲ့​ ၈၈ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ အပါအဝင် တခြား​သော နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အကုန်လုံး​ကို လွှတ်​ပေး​ဖို့​၊​ လွှတ်​ပေး​မယ်လို့​လည်း​ ​မျှော်လင့်​ထား​ကြတယ်။ ဒါ​ပေမယ့်​ အဲ့​လို ​မျှော်လင့်​ထား​ပြီး​ ဖြစ်မလာဘူး​။ ကစား​ကွက်တခုလို လုပ်​နေတယ်လို့​ မြင်တယ်။ ကျား​ကစား​သလိုပဲဖြစ်ဖြစ်၊​ စစ်တုရင်ကစား​သလိုပဲဖြစ်ဖြစ် ထိုး​ကျွေး​လိုက်။ စား​လိုက် တကွက်တက်ဖို့​လုပ်လိုက် အဲလိုမျိုး​ပုံစံပဲ မြင်တယ်။”

လာမယ့်​ ၁၂ ရက်​နေ့​မှာ အစိုး​ရနဲ့​ အပစ်ခတ်ရပ်စဲ​ရေး​ သွား​ရောက် ​ဆွေး​နွေး​ဖို့​ရှိတဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​က​တော့​ ဒီအစိုး​ရကို ယုံကြည်တယ်၊ မယုံဘူး​ဆိုတာကို ​ပြောဖို့​ အချိန်​စော​သေး​တယ်လို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ကော်မတီ အတွင်း​ရေး​မှူး​ ပဒို ​ဒေး​ဗစ်​ထောက ​ပြောပါတယ်။

“အခုဖြစ်တဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​က သူတို့​ရည်ရွယ်ချက်က တခုခုဖြစ်မယ်လို့​ အဲလိုခန့်​မှန်း​တယ်။ ဘာလို့​လဲဆို​တော့​ ဝန်ကြီး​ဦး​အောင်မင်း​ ​ပြောသွား​တဲ့​ ဒီအကျဉ်း​သား​တွေ လွတ်မယ်ဆိုတဲ့​ကိစ္စက ကျ​နော်တို့​ အချိန်နည်း​နည်း​ ​စောင့်​ကြည့်​ဖို့​လိုတယ်။ ဇန်နဝါရီ ၄ ရက်ဆို​တော့​လည်း​ ရက်က သိပ်မလို​တော့​ဘူး​။ အဲဒီမှာ ဘယ်သူ​တွေပါမလဲ။ ​နောက် ​ဖေ​ဖော်ဝါရီ ၁၂ ရက်​နေ့​မှာ ဘယ်သူ​တွေပါမလဲ။ ဒါက နိုင်ငံ​ရေး​အကျဉ်း​သား​လို့​ သတ်မှတ်ထား​တဲ့​ လူပုဂ္ဂိုလ်​တွေ ပါဝင်မယ်လို့​ပဲ ကျ​နော်တို့​ယုံကြည်တယ်။ ပြစ်မှု​တွေနဲ့​ ပတ်သက်ပြီး​ ​လျှော့​ပေး​တာ၊​ လွှတ်​ပေး​တာ​တွေက တသီး​တခြား​များ​ ဖြစ်​နေမလား​ဆိုတာ ​စောင့်​ကြည့်​ဖို့​တော့​ လိုအပ်မယ်လို့​ ထင်ပါတယ်။ အခုဒီလိုဖြစ်လာတဲ့​ အ​နေအထား​ပေါ်မှာ မယုံဘူး​၊​ ယုံတယ်​ပြော​နေတာက​တော့​ နည်း​နည်း​စောပါ​သေး​တယ်။”

အခုတစ်​ခေါက် လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​တာဟာ သမ္မတ ဦး​သိန်း​စိန် အစိုး​ရလက်ထက်မှာ တတိယအကြိမ်​မြောက် ဖြစ်ပါတယ်။ ပထမတကြိမ် ၂၀၁၁ ခု ​မေလတုန်း​က အကျဉ်း​သား​ ၁၄,၀၀၀ ​ကျော်နဲ့​ ဒုတိယ တ​ခေါက် ၂၀၁၁ ​အောက်တိုဘာလမှာ အကျဉ်း​သား​ ၆,၃၀၀ ​ကျော်ကို လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ လွှတ်​ပေး​ခဲ့​ပါတယ်။

No comments: