Saturday, January 7, 2012

ဘင်္ဂလားဒေ့ခ်ျမှ ရခိုင်ကျောင်းသားများ လူမူ အကျိုးပြု လုပ်ငန်းများ မြှင့်တင်ရန် ညီလာခံတွင် ကတိပြု


ဘင်္ဂလား ဒေ့ခ်ျနိုင်ငံမှ ရခိုင် ကျောင်းသား ကျောင်းသူ များက လူမူရေး အကျိုးပြု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရန် ဇန်န၀ါရီ ၆ရက်နေ့က စစ်တကောင်းမြို့တွင် ပြုလုပ်သော ကျောင်းသား ညီလာခံတွင် သဘောတူ လိုက်ကြသည်ဟု သတင်း ရရှိသည်။

အဆိုပါ သဘောတူညီမူကို ဘင်္ဂလားဒေ့ခ်ျ ရခိုင်ကျောင်းသား ကျောင်းသူများ၏ အဓိက အဖွဲ့ဖြစ်သော Bangladesh Rakhine Stident Council ( BRSC) ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းသည့် ကျောင်းသား ညီလာခံ အတွင်း ရရှိခဲ့ခြင်း ဖြစ်သည်။

ကျောင်းသား ဥက္ကဌ ကိုညီညီက "ကျွန်တော်တို့ ရခိုင်ကျောင်းသား လူငယ်များ အဖွဲ့ကို အသစ် တဖန် ပြန်လည် ပြင်ဆင် ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက် ကတော့ ပထမဆုံး အဖွဲ့ အစည်းနဲ့ ရခိုင်ကျောင်းသားထု ညီညွှတ်ရေးကို ခိုင်မာအောင် လုပ်မယ်။ ပြီးရင် ပညာရေးကဏ္ဍမှာ ဘင်္ဂလားဒေ့ခ်ျအစိုးရ အနေ နဲ့ ရခိုင်စာကို ရခိုင် ကျေးရွာတွေမှာ မူလတန်း အဆင့်ထိ သင်ကြားနိုင်အောင် ပြဌါန်း ပေးဖို့ အတွက် တောင်း ဆိုသွားမယ်။ နောက်တခါ ဘင်္ဂလားဒေ့ခ်ျမှာ မတရား ဖျက်ဆီး ခံနေရတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကို အစိုးရက စနစ် တကျ ကူညီ စောင့်ရှောက် တာတွေ လုပ်ဆောင်ပေးဖို့ အတွက် တောင်းဆိုသွားမှာဖြစ်တယ်" ဟုနိရဉ္စရာကို ပြောသည်။

ရခိုင် ကျောင်းသားများ ပြုလုပ်သော ညီလာခံကို စစ်တကောင်းမြို့ ကာတာလ်ဂင်ခ်ျရပ်ကွက်ရှိ ဘုန်းကြီးကျောင်း တစ်ခုတွင် ပြုလုပ်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

BRSC ကျောင်းသားအဖွဲ့ကို ကော်မတီကို အဖွဲ့ဝင် ၂၁ဦးနှင့် ပြန်လည် ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ အဖြစ် ကိုညီညီ၊ အတွင်းရေးမှူး အဖြစ် ကိုရှင်မောင် တို့အား တာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။

BRSC အဖွဲ့ကို ၂၀၀၆-ခုနှစ်က စတင် ဖွဲ့စည်းခဲ့သော်လည်း ကျောင်းသားများ စိတ်ဝင်စားမူ နည်ပါးခဲ့ပြီး ယခု နှစ်ပိုင်း အတွင်း ဘင်္ဂလာ ဒေခ်ျ့ရှိ ရခိုင် ကျောင်းသား ကျောင်းသူများ၏ အမြင်များ တိုးတက် ပြောင်းလဲ လာခဲ့ပြီး မိမိ လူမျိုး ကြီးပွားတိုးတက်ရေးနှင့် တခြား လူမျိုးများနှင့် ရင်ဘောင်တန်းနိုင်ရေးတို့ အတွက် စိတ်ဝင်စားမူ ပိုရှိလာရာမှ အဖွဲ့၏ အခြေအနေမှာ တိုးတက်လာခဲ့သည်ဟု အတွင်း ရေးမှူး ဖြစ်သူ ကို ရှင်မောင် က ပြောသည်။

"ကျွန်တော်တို့ရခိုင်ကျောင်းသားလူငယ်တွေဟာ အရင်တုန်းကနဲ့မတူတော့ဘူး။ အမျိုးဘာသာ၊ သာသနာကို ချစ်မြတ်နိုးတဲ့ စိတ်တွေ ပိုထက်သန်လာပြီး အမျိုးသားရေး အမြင် ကျယ်လာကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ခုလို အဖွဲ့ကို ပြန်ပြီး တောင့်တင်း ခိုင်မာအောင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အခု ကျွန်တော်တို့ လုပ်နိုင်တဲ့ ကိစ္စရပ် တွေ အားလုံးကိုလည်း စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင် သွား မယ်။ အဓိကတော့ ငွေကြေး မတတ်နိုင်တဲ့ အတွက် ကျောင်းပညာ မသင်နိုင်တဲ့ ကျောင်းသားတွေကို ကျောင်းတက် နိုင်အောင် ကူညီ မယ်။ တရားဝင် အစိုးရဆီက Certificate မရနိုင်တဲ့ ကျောင်းသားတွေကို ရအောင်ကူညီပေးမယ်။ ဒီလိုလုပ်ငန်းတွေကို လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ လူမျိုးတွေ ပညာရေး မြင့်လာမှာဖြစ်တယ်။ ပညာရေးမြင့်လာမှ မိမိလူမျိုး တိုးတက်ရေး အတွက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်" ဟုပြောသည်။

ကျောင်းသားလူငယ်များ ပညာရည် မြင့်မားလာပြီး စည်းလုံးညီညွတ်မှု ရှိလာသည်နှင့် အမျှ အမျိုး ဘာသာ နှင့် လူမှုရေး လုပ်များဖြစ် သည့် ရခိုင်သမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ ရခိုင့်စာပေသင်ယူရေးနှင့် လူမှု ကူညီရေး လုပ်ငန်းများကို ဘင်္ဂလားဒေ့ခ်ျအစိုးနှင့် ပူးပေါင်း၍ သာမက နိုင်ငံတကာတွင် ရောက်ရှိနေသော ရခိုင့် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လုပ်ကိုင် သွားနိုင်မည်ဟု ယုံကြည် မျှော်လင့်ကြောင်း ဖြင့်လည်း ကိုရှင်မောင်က ပြောပြသွားပါသည်။

No comments: