Friday, January 6, 2012

သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ ကချင်ကျေးရွာကို အစိုးရ စစ်တပ် မီးရှို့

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်း၌ KIA တပ်ဖွဲ့အား စစ်ဆင်နေသည့် အစိုးရတပ်များက ကချင်ဒေသခံများ နေထိုင်သည့် မန့်ဝိန်းတိုက်ရွာအား ယခုလ ၃ ရက်နေ့က မီးရှို့ခဲ့ရာ နေအိမ် ၉ လုံး မီးလောင်သွားကြောင်း ဒေသတွင်းလာသည့် သတင်း များအရ သိရသည်။

အစိုးရ၏ ခလရ ၁၄၄ ၊ ၁၃၀ ခမရ ၅၈၆ ၊ ၂၅၁နှင့် တပ်မ ၉၉ လက်အောက်ခံတပ်များ ၄င်းဒေသအတွင်း ဝင်ရောက် လှုပ်ရှားနေပြီး KIA တပ်ဖွဲ့အပေါ် ထောက်ခံသည်ဟု စွပ်စွဲကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“၃ ရက်နေ့က အိမ် ၉ လုံးကို မီးရှို့ပစ်တယ် အဲဒီအိမ်တွေက လူမရှိတော့ဘူး အပေါ်နဲ့အောက်ရွာပေါ့ ကချင်နဲ့ ပလောင် တွေနေတယ် မီး တိုင်တွေက ဒီရွာတွေကို ဖြတ်သွားတယ် မီးတိုင်တွေ ဖျက်ဆီးခံရတိုင်း တောထဲက လက်နက်ကိုင်တွေ ဒီရွာတွေမှာ အမာခံတွေရှိတယ် ဒီရွာတွေက ထောက်ပံ့ပေးနေတယ်လို့ ထင်တယ်လေ ” ဟု ဒေသခံက ဆိုသည် ။

အဆိုပါ ရွာသားများ နမ့်ခမ်းမြို့သို့ ထွက်ပြေးတိမ်းရှောင်သွားသည်မှာတစ်လခန့်ရှိပြီဖြစ်ပြီး မသယ်ယူနိုင် သည့် ပစ္စည်းများသာ ချန်ရစ်ခဲ့ ကြောင်း သူက ဆက်ပြောသည် ။

“မသယ်နိုင်တဲ့ဟာတွေ အနည်းအကျဉ်းလောက်ပဲကျန်တယ် အခြေအနေမကောင်းကတည်းက ရွေ့ထား တာပေါ့ အိမ်တွေ ပဲ ကျန်နေ တယ် ရွာကလူတွေပြောင်းရွေ့သွားတာ တစ်လောက်ရှိပြီ မကြာမကြာအဝေး ကနေပဲ လာကြည့်တယ် ရွာမှာ သွားနေလို့လည်းမရဘူး” - ဟု ဆိုသည်။

၎င်းနေ့တစ်နေ့အတွင်း အဖိုးကြီး မိန်းမနှင့် လူငယ်များပါဝင်သည့် တက်နိုင်းကျေးရွာသားများကို အစိုးရ စစ်တပ်မှ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း အဖိုးကြီးနှင့်မိန်းမများကို ပြန်လွတ်ပေးခဲ့သော်လည်း လူငယ် အမျိုးသားနှစ်ဦးကို ဆက်လက် ဖမ်းဆီး ထားကြောင်း သိရသည်။

No comments: