Thursday, January 12, 2012

ဗမာက ကချင်ကို ဂရုစိုက်ကြောင်း နာရေးအသင်း ပြသလို

ဖနိဒါ


ဗမာ လူမျိုး များက ကချင်လူမျိုးများအပေါ် ဂရုစိုက်နေကြောင်းကို ပြသလိုသောအားဖြင့် စစ်ပွဲကြောင့် တိမ်းရှောင်နေထိုင်နေရသော ကချင်ဒုက္ခသည်များသို့ ကျပ်ငွေ သိန်း ၃၀၀ ကို ထပ်မံ လှူဒါန်းရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ နာရေးကူညီမှုအသင်းက ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်နှင့် မန်စီမြို့နယ်များရှိ စစ်ပြေးဒုက္ခသည်များအတွက် နာရေးကူညီမှုအသင်း၏ ဒုတိယအကြိမ်မြောက် အလှူအဖြစ် ကြာသပတေးနေ့တွင် ကိုယ်တိုင်သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း အသင်း၏ အမှုဆောင် ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ဒေါ်ဇီးကွက် က ပြောသည်။

“အန်တီတို့ သူတို့ကို လှူနိုင်တဲ့ဟာက ငွေရေးကြေးရေး ပမာဏက ဘာမှ မရှိပါဘူး။ ဒါပေမယ့် ဘာလို့ သွားရသလဲ ဆိုရင် ကချင် လူမျိုး ဒုက္ခသည်တွေကို အန်တီတို့ ဗမာလူမျိုးတွေမက၊ မြန်မာပြည်မှာရှိတဲ့ ဗမာတိုင်းရင်းသားတွေက သူတို့အပေါ်မှာ Care လုပ်တယ်ဆိုတာကို ပြချင်လို့ သွားတာ အဓိကပဲ”ဟု မဇ္ဈိမကို ပြောသည်။

အစိုးရစစ်တပ်နှင့် ကချင်လွှတ်မြောက်ရေးအဖွဲ့ KIO တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်စေလိုပြီးမြန်မာ ပြည်မှာ ရှိသော တိုင်းရင်းသားအချင်းချင်း တဦးနှင့်တဦး သင့်မြတ်နေကြောင်း ပြသလိုခြင်းအားဖြင့် ယခုကဲ့သို့ သွားရောက် လှူဒါန်းရခြင်း ဖြစ် ကြောင်းလည်း ပြောသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလဆန်းကလည်း ပထမအကြိမ် အဖြစ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ စစ်ပြေး ဒုက္ခသည် ၆,၀၀၀ ကျော် အတွက် တဦးလျှင် ၃,၅၀၀ ကျပ်နှင့် အနွေးထည်များ သွားရောက် လှူဒါန်းခဲ့သေးသည်။

ယခု ဒုတိယအခေါက်တွင် နာရေးကူညီမှု အသင်းနှင့်အတူ ၈၈ မျိုးဆက်ကျောင်းသားများ၊ မန္တလေးအခြေစိုက် ဘဝအလင်း ပရဟိတ အဖွဲ့များကလည်း ပါဝင်ပြီး ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို စုပေါင်း၍ လှူဒါန်းရန် မန္တလေးမြို့မှ သဘောင်္ဖြင့် သယ်ဆောင်သွားမည် ဖြစ်သည်။

ဤသို့ ထပ်မံသွားရောက် လှူဒါန်းရခြင်းမှာ ကချင်စစ်ပြေးဒုက္ခသည်များ အတွက် မြန်မာပြည်သူလူထုနှင့် လူမှု အဖွဲ့အစည်းများ လှူဒါန်းမှု အားနည်းနေသေးကြောင်းနှင့် စစ်ပြေးဒုက္ခသည်များ၏ အခက်အခဲများကို ပိုမို သိရှိလာစေရန်အတွက် ယခုကဲ့သို့ သွားရောက် လှူဒါန်း ရခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြတ်သူ က ပြောသည်။

“ကျနော်တို့ လူမှုအဖွဲ့အစည်းတွေ၊ မြန်မာပြည်သူတွေရော ကချင်ဒုက္ခသည်တွေကို ပိုပြီးတော့ အာရုံစိုက်လာအောင်၊ အခုအခြေအနေ အရမ်းဆိုးနေတယ်ဆိုတော့ သူတို့ရဲ့ ဒုက္ခဆင်းရဲတွေ ပြည်သူတွေ သိလာအောင်၊ ပြီးရင် ဒီတိုက်ပွဲတွေ ရပ်တန့်သွားဖို့ ဖိအားတခုခု ဖြစ် အောင်လို့ သွားလှူတဲ့ သဘောပါ။ အဓိကတော့ မြန်မာပြည် တပြည်လုံးကပြည်သူတွေက စာနာကူညီစိတ်နဲ့ အများကြီး ကူညီ ထောက်ပံ့ ပေးကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်”ဟု မဇ္စျိမကိုပြောသည်။

တိုက်ပွဲကြောင့် အိုးအိမ်စွန့် ထွက်ပြေး တိမ်းရှောင်နေရသော စစ်ပြေး ဒုက္ခသည်ပေါင်း ၅၅,၀၀၀ ကျော်ရှိပြီး ထိုအထဲမှ မီးရထား လမ်းပေါ် ရှိ ဟိုပင်၊ မိုးညှင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မန်စီနှင့် မိုးမောက်မြို့နယ် အတွင်း ၁၄,၀၀၀ ကျော်စာရင်းရှိပြီး အနည်းဆုံး ၆၀,၀၀၀ ကျော်ထိ ရှိနိုင်သည်ဟု ခန့်မှန်းကြောင်း KIO မှ ဒုက္ခသည် ကူညီရေး ကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

“ကျနော်တို့က ဘယ်နေရာမှာပဲ လှူဒါန်း လှူဒါန်း စစ်ပြေးဒုက္ခသည်တွေ ဒုက္ခရောက်နေချိန်မှာ ဒီလိုကူညီလို့ ဝမ်းသာပါတယ်။ ဦးကျော်သူ တို့မို့လို့ စိတ်ဝင်စားရင် ကျနော်တို့ နယ်မြေကို လာရောက် ကူညီရင်လည်း ကျနော်တို့ ကြိုဆိုတယ်လို့ စာထုတ်ပြန်ထားတယ်။ ဒါပေမယ့် အခြေအနေအရ ခုထိ ဘာမှ ပြောလာတာ မရှိသေးဘူး။ လာမယ်ဆိုလည်း ကြိုဆိုပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

အစိုးရထိန်းချုပ်ရာ နယ်မြေရှိ စစ်ပြေးဒုက္ခသည်များထံ လှူဒါန်းခွင့်များ ပေးထားသော်လည်း KIO နယ်မြေရှိ စစ်ပြေး ဒုက္ခသည် များ အ တွက်မူ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီမှုကို ယနေ့ထိ အစိုးရက ခွင့်ပြုခြင်း မရှိသေးပေ။

ဗုဒ္ဓဟူးနေ့တွင်လည်း ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ UNOCHA နှင့် ကမ္ဘာ့ ကုလသမဂ္ဂ ကလေး များ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF တို့မှ အဖွဲ့ဝင် ၁၀ ဦးတို့က ဝိုင်းမော်မြို့နယ် ဆဒုံးနှင့် ကန်ပိုင်တီအကြားရှိ စစ်ပြေးဒုက္ခသည် ၁,၀၀၀ ကျော် အတွက် ဒုတိယအကြိမ်မြောက် ထောက်ပံ့ပစ္စည်းများ သွားရောက် လှူဒါန်းနေသည်ဟု ဦးဒွဲပီဆားက ပြောသည်။

ဒီဇင်္ဘာလအတွင်း ကုလအဖွဲ့များက ပထမ အကြိမ် လာရောက်လှူဒါန်းသော ပစ္စည်းများအား KIO က လက်ခံခဲ့သော် လည်း အစိုးရမှ လှူသောပစ္စည်းများကိုမူ လက်မခံခဲ့ပေ။

No comments: