Saturday, January 14, 2012

ရွှေ ရေနံ ပိုက်လုံး တင်ကား တိုက်သောကြောင့် နမ့်ခမ်းမြို့ ၉ တန်း ကျောင်းသား တဦး သေဆုံး

သျှမ်းသံတော်ဆင့်


ရေနံနှင့် ဂက်စ်ပိုက် လုံးတင် ၁၂ ဘီး ကားတစီး မူဆယ်မြို့ နယ်အတွင်း ၉ တန်း ကျောင်းသား တဦးအား လမ်း အကွေ့ တနေရာ ၌ တိုက်မိရာ ကျောင်းသားမှာ ပွဲချင်းပြီး သေဆုံး သွားကြောင်း ဒေသခံ များပြောပြ ချက်အရ သိရသည်။

“၁၁ ရက်နေ့တုန်းက မူစယ်မြို့နယ် နောင်လောင်းအုပ်စု နမ့်လောင်းကျေးရွာ နားမှာ တိုက်မိတာ၊ မနေ့တုန်းက နမ့်ခမ်း ဆေးရုံ ကနေ အလောင်းကို သင်္ဂြိုလ်လိုက်ပြီ၊ လျော်ကြေးတချို့တော့ရတယ်ပြောတယ်။ ဆိုင်ကယ်ကတော့ ရဲစခန်းက သိမ်းထားတုန်း” - ဟု နီးစပ် သည့် မိသားစုဝင်တဦးကပြောပါသည်။

ဂျန္နဝါရီ ၁၁ ရက်မနက်ပိုင်းက မူစယ်မြို့ - နမ့်ခမ်းလမ်းမပေါ် ဆိုင်ကယ်စီးနေသည့် အသက် ၁၆ နှစ် အရွယ် ၉ တန်း ကျောင်းသား စိုင်းဆမ်အဲန်အား ရေနံပိုက်လိုင်းတင် ၁၂ ဘီးကား တစ်စီးက ဝင်တိုက်ရာ ဆိုင်ကယ်တစီးလုံးပျက်စီး သွားပြီး အဆိုပါကျောင်း သား ပွဲချင်းပြီးသေဆုံးသွားကြောင်း ဆိုသည်။

“ကျနော်တို့ပါတီဝင်အနေနဲ့ ဘာမှ သွားရောက်ကူညီတာမရှိသေး။ မနေ့က မှသိရတယ်။ လျော်ကြေးက ကျပ်သိန်း ၂၀ ပေးသွား တယ်။ တရုတ်ကုမ္ပဏီကပေးတာလား၊ ကားသမားကဘဲလားမသိဘူး။ ကားဆရာက လားရှိုးက၊ ကားပိုင်ရှင်က မူစယ်ကလို့ ပြော တာဘဲဟု” - ကျားဖြူ ပါတီဝင်တဦးက ပြောပါသည်။

ရေနံပိုက်လုံးတင်ကားများသည် လမ်းတလျှောက်အာဏာပိုင်ထံ (တရုတ်ကုမ္ပဏီက) ပိုက်ဆံပေးကျွေးထားသော ကြောင့် လမ်းပေါ် ရှိခရီးသွားများအား အလေးမထား ဂရုမစိုက်ဘဲ ထင်ရာစိုင်း မောင်းနှင်သွားလာနေသောကြောင့် ယခုကဲ့သို့ယာဉ်တိုက် မှုဖြစ် ရခြင်း ဖြစ်ကြောင်း ဒေသခံ ရပ်ရွာအကြီးကဲတဦးက ပြောပါသည်။

“တရုတ်ပြည်ကနေ ဝင်လာတဲ့ ရေနံစိမ်းပိုက်လိုင်းတင်ကားကြီး တရက်ကို အစီး ၆၀ ထက်မနည်း သွားလာဖြတ်သန်း တယ်။ ကားက ဝိတ်အရမ်းများတယ်။ သူတို့မောင်းတာက အရမ်းမြန်တယ်။ ပိုက်လုံး အကျယ်က လူတရပ်နီးနီးလောက် ရှိတယ်။ အရှည်က ပေ ၃၀ လောက်ပေါ့။ ၁၈ ဘီး ကားတစီးမှာ ပိုက် ၅ လုံးတင်နိုင်တယ်၊ ၁၂ ဘီးကားဆို ၃ လုံးလောက် ဘဲတင်နိုင်တယ်” ဟု နမ့်ခမ်းဒေသခံ တဦးက ပြောသည်။

ရခိုင်ပြည်နယ် ဆိပ်ကမ်းမှ မကွေး၊ မန္တလေး နှင့် သျှမ်းပြည်မြောက်ပိုင်း အပါအဝင် မြို့နယ် ၂၀ ကျော်ဖြတ် သန်းပြီး တရုတ်ပြည် ယူနန် ပြည်နယ်အထိဖေါက်လုပ်မည့် ရွှေဂက်စ်၊ ရွှေရေနံ ပိုက်လုံးစီမံကိန်းသည် လာမည့် ၂၀၁၃ ခုနှစ် တွင်အပြီး ဆက်သွယ် ဖေါက်လုပ် မည် ဖြစ် သည်။

No comments: