Friday, January 13, 2012

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်မှုတွင် သျှမ်းခေါင်းဆောင်များလည်းပါဝင်

သျှမ်းသံတော်ဆင့်


အစိုးရ၏ လွှတ်ငြိမ်းချမ်းသာခွင့်၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှု ဆောင် တို့အပြင် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင်များလည်း ပါဝင်ရာ ယနေ့မနက်မိသားစုအသီးသီးက သွားရောက်ကြို ဆို ခဲ့ကြကြောင်း ရန်ကုန်မြို့ သျှမ်းမိသားစုအသိုင်းအဝိုင်းကသိရသည်။

“ ကျနော်တို့ ဥက္ကဌကြီး ခွန်ထွန်းဦးပါတယ်။ အတွင်းရေးမှူးစိုင်းညွန့်လွင်ပါမယ်၊ အလုပ်အမှုဆောင် စိုင်းလှအောင်ပါမယ်။ နောက် သျှမ်း ပြည်မျိုးဆက်သစ်က စိုင်းမျိုးဝင်းထွန်းနဲ့ဦးထွန်းညိုပါတယ်။ စိုင်းညီညီမိုးကတော့ အဆက်အသွယ်မရသေးလို့ လွှတ်တဲ့အထဲမှာ ပါလား မပါဘူးလား မသိရသေးပါဘူး” - ဟု သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရပြုဂ္ဂိုလ် စိုင်းလိတ်က သျှမ်းသံတော်ဆင့် အား ပြောပြသည်။



ယမန်နေ့ ညနေ ၆ နာရီက မြန်မာ့ရုပ်မြင်သံကြား၌ - “ နိုင် ငံတော်တည်ဆောက်ရေးအတွက်လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်း စဉ်များတွင် အားလုံးပါဝင် နိုင်ခွင့်ရရှိစေ ရေးအတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်း ကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရေးအတွက် ရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ မြန်မာ သက္ကရာဇ် ၁၃၇၃ ခုနှစ် ပြာသိုလဆုတ် ၅ ရက်၊ ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်မှစပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရှိရသည်” ဟု ကြေငြာခဲ့သည်။



ထိုသတင်းကြောင့် သျှမ်းခေါင်းဆောင်များ၏ မိသားစုဝင်များက သက်ဆိုင်ရာထောင်အာဏာပိုင်များထံ ဖုန်းဆက်မေးမြန်း ရာ မိမိတို့၏ ဖခင်၊ ဦးလေးတို့လွတ်ငြိမ်းချမ်းသာခွင့်၌ပါဝင်ကြောင်း သိရသည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြော ပြသည်။

“ဒီမနက် ၆ နာရီမှာ နာမည်ခေါ်ပြီး လွှတ်ပေးလိုက်တယ်။ ဥက္ကဌကြီးမိသားစုကတော့ တောင်ငူထောင်အထိသွားပြီးစောင့် ကြိုတယ်။ အတွင်း ရေးမှူး စိုင်းညွန့်လွင်ကိုတော့ ကလေးအကျဉ်းထောင်ကနေ လေယာဉ်နဲ့ပို့ပေးမယ်ဆိုတဲ့အတွက်ကြောင့် မွန်းတည့်မှာ မိသားစု တွေက လေယာဉ်ကွင်းမှာ သွားစောင့်နေမယ်။ ကျောက်ဖြူထောင်က စိုင်းလှအောင်ကိုတော့ အစက အာဏာပိုင်တွေက ကားနဲ့ပို့ပေးမယ် ပြောတယ်။ သူ့သမီး နန်းစံဖုန်းက လေယာဉ်နဲ့ပို့ပေးပါ။ ကျသင့်သလောက် ကုန်ကျခံ ပါမယ် ဆိုတဲ့အတွက်ကြောင့် ဒါလဲ မိသားစုဝင်တွေ က လေယာဉ်ကွင်းမှာသွားစောင့်ကြိုမယ်” ဟုစိုင်းလိတ်က ဆက်ပြောသည်။


သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင်များဖြစ်သော ဘူးသီးတောင်အကျဉ်းထောင်မှ ဦးထွန်းညိုကိုမူ SNLD ၏ စီစဉ်ပေး မှုဖြင့် ၎င်း၏တူမ နန်းဌေးဌေးဝင်းက သွားရောက်စောင့်ကြိုနေသည်ဟုသိရသည်။ မြင်းခြံထောင်မှ စိုင်းမျိုးဝင်းထွန်းနှင့် ပခုက္ကူထောင်မှ စိုင်းညီညီမိုးတို့မှာမူ အဆက်အသွယ်မရသဖြင့် မည်သို့စီစဉ်မည်ကို မသိရသေးကြောင်း ဆိုပါသည်။

ယနေ့မနက်လွှတ်မြောက်သည့်အထဲတွင် သျှမ်းခေါင်းဆောင်များ အပြင် ၈၈ ကျောင်းသားခေါင်းဆောင်များ၊ ၂၀၀၇ ရွှေဝါ ရောင် တော် လှန် ရေးခေါင်းဆောင်များနှင့်အတူ အရှင်ဂမ္ဘီရလည်း ပါဝင်သည်ဟု သိရပါသည်။



ပြည်ထောင်စုမှခွဲထွက်လိုမှု၊ သျှမ်းပြည်အတိုင် ပင်ခံကောင်စီဖွဲ့ စည်းမှု၊ နိုင်ငံတော်ပုန်ကန်မှုအပါအဝင်အခြားသော စွဲချက် ပေါင်းများ စွာဖြင့် ၂၀၀၅ ဖေဖေါ်ဝါရီ က နအဖစစ်အစိုးရ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ကာ ဗမာပြည် နယ်စွန် နယ်ဖျား အကျဉ်း ထောင် အသီးသီးသို့ ပို့ဆောင်လိုက်သော သျှမ်းတိုင်းရင်းသားခေါင်းဆောင် ၉ ဦး မှာ-



၁- SNLD ဥက္ကဌ ခွန်ထွန်းဦး - ထောင်ဒဏ် ၉၃ နှစ်- တောင်ငူအကျဉ်းထောင်

၂- SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်- ထောင်ဒဏ် ၈၅ နှစ် - ကလေးအကျဉ်းထောင်

၃- SNLD အလုပ်အမှုဆောင် စိုင်းလှအောင်- ထောင်ဒဏ် ၇၉ နှစ် - ကျောက်ဖြူအကျဉ်းထောင်

၎- သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် စိုင်းညီညီမိုး -ထောင်းဏ် ၇၅ နှစ်- ပခုက္ကူထောင်

၅- သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် စိုင်းမျိုးဝင်းထွန်း- ထောင်ဒဏ် ၇၅ နှစ်- မြင်းခြံထောင်

၆- သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် ဦးထွန်းညို- ထောင်ဒဏ် ၇၅ နှစ် - ဘူးသီးတောင်ထောင်

၇- သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် ဆရာဦးမြင့်သန်း-ထောင်ဒဏ် ၇၅ နှစ်- သံတွဲထောင်(၂၀၀၆ မေလက ကွယ်လွန်)

၈- သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲန့် - ထောင်ဒဏ် ၁၀၆ နှစ် - စစ်တွေထောင်( ၂၀၁၁ နိုဝင်ဘာလ ၁၂ ရက် ကလွတ်မြောက်)

၉- စဝ်သာဦး -ထောင်ဒဏ် ၁၉ နှစ်- အင်းစိန်ထောင်- ( ၂၀၀၅ ဒီဇင်ဘာလ၌ လွတ်မြောက်)

No comments: