နော်နိုရင်း
ကရင် ပြည်နယ် ဘားအံမြို့နယ် စံဖီး ကျေးရွာက ဖျက်ဆီး သိမ်းယူ ခံရတဲ့ လယ်မြေတွေ ပြန်ရရေး အတွက် လယ်သမား တွေက နိုင်ငံတော် သမ္မတဆီ စာရေး တောင်းဆို လိုက်ပါတယ်။
ဘားအံမြို့နဲ့ ၉ မိုင်လောက်ဝေးတဲ့ စံဖီးရွာမှာ ရွာသားတွေပိုင်တဲ့ လယ်မြေထဲကို ရွှေသံလွင်ကုမ္ပဏီက အသိမပေးဘဲ ပြီးခဲ့တဲ့လက လယ်တွေကို ဝင်ရောက် ဖျက်ဆီးခဲ့တာလို့ လယ်သမား ဦးမောင်ဝင်းက ပြောပါတယ်။
“ရွာချင်း သူတို့ပြောင်းမယ်ဆိုတာလည်း ကျနော်လည်း ပြောမတတ်ဘူး။ ဘာလို့လဲဆိုတော့ ကျနော့်နေရာကို ဒါလုပ်မယ်ဆိုတာ ပြောပြီးလုပ်တာမဟုတ်လို့ မသိရဘူး။ ကျနော့် အိမ်ဘေးနားမှာ ဘာလုပ်မယ်ဆိုတာတောင် မသိဘူး။ လမ်းတွေဖောက်မယ်။ လယ်တွေ ဟိုတကွက် ဒီတကွက် ကျန်တာတွေကို ဘိုဒူဇာနဲ့ ထိုးပြီး လမ်းတွေဖောက်နေတယ်။ ကျနော်တို့လည်း သူတို့လုပ်နေတာကို ထိုင်ကြည့်နေရတယ်။ ဘာမှလုပ်စားလို့မရဘူး။ ကလေးတွေကလည်း ငယ်တာနဲ့ ၈ တန်းကျောင်းသူ သမီးလေးကို ကျောင်းထုတ်လိုက်ရတယ်။”
စံဖီးရွာ လယ်မြေနေရာကို စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းတွေအတွက် လမ်းဖောက်ဖို့ ရွာသားတွေကို အသိမပေးဘဲ လယ်တွေကို ဖျက်ဆီးခဲ့တာလို့လယ်သမားတွေက ပြောပါတယ်။
ဖျက်ဆီးခံရတဲ့ လယ်ဧက ၂၀ ရှိပြီး ဒီလယ်တွေအတွက် လျော်ကြေး မပေးသလို အသိပေးတာလည်း မရှိဘူးလို့ လယ်သမားတွေက ပြောပါတယ်။
လယ်မြေ ပျက်စီးကုန်တဲ့အတွက် လယ်သမားတွေဟာ လုပ်ကိုင် စားသောက်စရာ နေရာမရှိဘဲ အခက်အခဲတွေ့နေတာကြောင့် ဇန်နဝါရီ ၂ ရက်နေ့မှာ လယ်သမား ၁၈ ဦးက သမ္မတဆီမှာ လယ်မြေတွေ ပြန်ရရေး အသနားခံစာတင် တောင်းဆိုခဲ့တယ်လို့ လယ်သမား ဦးမောင်ဝင်းက ပြောပါတယ်။
“သမ္မတကြီးဆီကို အသနားခံတာပေါ့။ ကျနော်တို့ရွာသားတွေကို မပြောမဆိုဘဲနဲ့ လုပ်ချင်သလိုလုပ်တဲ့ကိစ္စကို သမ္မတဆီ အသနားခံစာတင်တာပေါ့။ ကျနော်တို့ မရှိဆင်းရဲသား တောင်သူလယ်သမားတွေက ကိုယ့်လယ်နဲ့ကိုယ် လုပ်ချင်တယ်။ ကိုယ့်ဘိုးဘွားပိုင်တဲ့မြေကိုပဲ လိုချင်တယ်။”
ရွှေသံလွင်ကုမ္ပဏီဟာ ကရင်ပြည်နယ်က စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းမှာ ကန်ထရိုက်ရထားတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။
စံဖီးရွာက လယ်မြေတွေဟာ ၁၉၈၅ ခုနှစ်က စိုက်ပျိုးမွေးမြူရေးပိုင် လယ်မြေတွေဖြစ်ပြီး နောက်ပိုင်း မြန်မာ့နှစ်ရှည် ရာဘာနဲ့ သီဟိုဌာန၊ နောက် စက်မှု ၂ ဌာနကို လွှဲပြောင်းပေးထားခဲ့တဲ့ မြေတွေဖြစ်တယ်လို့ ဘားအံမြို့ခံတဦးက ပြောပါတယ်။
စက်မှု ၂ က လွှဲပြောင်းယူပြီးနောက် မှာ ၂၀၀၃ခုကစပြီး ရွာသားတွေကို လယ်လုပ်ကိုင်ခွင့် ပေးတဲ့အတွက် ရွာသားတွေက လုပ်ကိုင် စားသောက်လာခဲ့ရာကနေ အခုလို သူတို့ လယ်မြေတွေကို ဖျက်ဆီး သိမ်းယူခံရတာပါ။
No comments:
Post a Comment