Tuesday, January 17, 2012

ဒီဗွီဘီ ပြည်တွင်း​သတင်း​ထောက်အား​လုံး​ ​ထောင်ကလွတ်ပြီ

ဒီဗွီဘီ

ဒီမို ကရက် တစ်မြန်မာ့​ အသံရဲ့​ ပြည်တွင်း​ သတင်း​ ထောက် အား​လုံး​ ဇန်နဝါရီ ၁၃ ရက်​နေ့​ လွတ်ငြိမ်း ​ချမ်း​သာ ခွင့်​နဲ့​ ပြန်လည် လွတ်​မြောက် လာပါတယ်။

လွတ်ငြိမ်း​ ချမ်း​သာ ခွင့်​နဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​ ၃၀၀ ဝန်း​ကျင် ပြန်လည်လွတ်​မြောက် လာတဲ့​ အထဲမှာ ​ထောင်ထဲမှာ ကျန်​နေတဲ့​ ဒီဗွီဘီ သတင်း​ ထောက် ၁၃ ​ယောက် စလုံး​လည်း​ ပါဝင် လာတာလို့​ ဒီဗွီဘီ အယ်ဒီတာချုပ် ဦး​အေး​ချမ်း​နိုင်က အတည်ပြု ပြောဆို ပါတယ်။

“ပြည်တွင်း ​သတင်း​ ထောက်​တွေက သူတို့​ရဲ့​ လွတ်လပ်မှု​ တွေကို​တောင် စ​တေး​ပြီး​ တကယ့်​ကို အလုပ် လုပ်ခဲ့​ကြ တာပါ။ အခု သူတို့​ ပြန် လွတ်လာတဲ့​ အတွက် သူတို့​ အတွက်​ရော၊​ သူတို့​ မိသား​စု အတွက်ပါ တကယ် ဝမ်း​သာ ပါတယ်၊​ သူတို့​တွေ အား​လုံး​ ​လေး​စား ​ဂုဏ်ပြု ရမယ့်​ ဒီဗွီဘီရဲ့​ တကယ့်​ သူရဲ​ကောင်း​ အစစ်​ တွေပါ။”

ပြန်လွတ်လာတဲ့​ အထဲမှာ ဒီမိုကရက်တစ်မြန်မာ့​အသံက လူသိရှင်ကြား​ နာမည်​ဖော်ထား​တဲ့​ တီဗွီသတင်း​ထောက် ကိုစည်သူ​ဇေယျနဲ့​ ဖခင်ဖြစ်တဲ့​ ဦး​ဇေယျ၊​ ဦး​ဝင်း​မော်၊​ မလှလှဝင်း​၊​ ​ငွေစိုး​လင်း​၊​ ၅ ဦး​ စလုံး​ပါဝင်ပါတယ်။

ဒါ့​အပြင် လုံခြုံ​ရေး​ကြောင့်​ ဒီဗွီဘီက နာမည်​ဖော် ​ကြေညာမထား​တဲ့​ သတင်း​ထောက်​တွေ အား​လုံး​လည်း​ သူတို့​နဲ့​အတူ ပြန်လည်လွတ်​မြောက်ခဲ့​ပါတယ်။ သူတို့​ထဲက တချို့​ဟာ နှစ်​ပေါင်း​ ၆၀ ​ကျော် ​ထောင်ချခံထား​ရသူ​တွေ ပါဝင်ပါတယ်။

ဟင်္သာတ​ထောင်က​နေ ပြန်လွတ်လာတဲ့​ ဒီဗွီဘီသတင်း​ထောက် ကိုစည်သူ​ဇေယျက သူ့​ကို ခြွင်း​ချက်နဲ့​ ပြန်လွှတ်​ပေး​လိုက်တာလို့​ ​ပြောပါ တယ်။

“အခုက ကျ​နော်တို့​ကို ၄၀၁ ပုံစံနဲ့​ လွှတ်​ပေး​တာ​ပေါ့​။ ဝန်ခံကတိ ထိုး​ခိုင်း​ပြီး​မှ။ ဝန်ခံကတိက ​နောက်မလုပ်​တော့​ပါဘူး​ ဆိုတာမျိုး​တော့​မဟုတ်ဘူး​။ လုပ်​တော့​လုပ်။ ဒါ​ပေမယ့်​ အခုကျန်သမျှအား​လုံး​ကို ​နောက်တကြိမ် ပြန်အဖမ်း​ခံရတဲ့​အချိန်မှာ သီး​ခြား​ ပြန်ခံရမယ်။ ကျ​နော့်​အမြင်က​တော့​ ပွင့်​ပွင့်​လင်း​လင်း​ပြောရရင် လည်ပင်း​မှာ ကြိုး​တပ်ပြီး​တော့​ လွှတ်​ပေး​လိုက်သလိုပဲ။ ဘာလို့​လဲဆို​တော့​ တချိန်မှာ ကြိုး​စောင့်​ဆွဲပြီး​ ပြန်ဖမ်း​လို့​ရှိရင် အရင်ကထက် ပိုပြီး​ခံရမယ့်​ပုံစံ ဖြစ်သွား​တာ​ပေါ့​။”

စည်သူ​ဇေယျမှာ ၂ဝ၁ဝ ခုနှစ် သကြင်္န်ကာလအတွင်း​ ဖြစ်ခဲ့​သည့်​ X2O မဏ္ဍပ် ဗုံး​ကွဲမှု ဖြစ်ပွား​မှု​နောက် ဓာတ်ပုံ သတင်း​ ရိုက်ကူး​စဉ်တွင် ဖမ်း​ဆီး​ခံရပြီး​ ဖခင်ဖြစ်သူ သတင်း​ထောက် ဦး​ဇေယျကိုပါ ရဲက ဆက်လက် ဖမ်း​ဆီး​ခဲ့​တာဖြစ်ပါတယ်။

မနှစ်​မေလက စလို့​ ဒီဗွီဘီသတင်း​ထောက်​တွေ လွတ်​မြောက်​ရေး​ လှုပ်ရှား​မှု ပြုလုပ်​နေတဲ့​ ဖရီး​ဘား​မား​ ဗွီ​ဂျေ လှုပ်ရှား​မှုအဖွဲ့​ ဆက်သွယ် ညှိနှိုင်း​ရေး​မှူး​ Géraldine May (ဂျာရယ်ဒင်း​မေ) က သတင်း​ထောက်​တွေအ​ပေါ် ဒီလို ကန့်​သတ်ထား​တာ​တွေ လုံး​ဝ ပျက်ပြယ်သွား​ဖို့​နဲ့​ လွတ်​မြောက်လာပြီး​နောက် သူတို့​ရဲ့​ လုံခြုံ​ရေး​အတွက် အာမခံချက်ရဖို့​ ဆက်ပြီး​ စည်း​ရုံး​ဆော်ဩ သွား​မယ်လို့​ ​ပြောပါတယ်။

“ဒီဗွီဘီရဲ့​ ဗွီဒီယိုသတင်း​ထောက်​တွေအား​လုံး​ ပြန်လွတ်လာတဲ့​အတွက် Free Burma VJ လှုပ်ရှား​မှုအဖွဲ့​က ဝမ်း​သာပါတယ်။ ဒါ​ပေမယ့်​ သတင်း​ထောက်​တွေရဲ့​ လုံခြုံ​ရေး​အတွက် ကျမတို့​ သတိထား​စရာ​တွေ ရှိပါ​သေး​တယ်၊​ ​နောက်တချက်ကလည်း​ အခုအချိန်ထိ နိုင်ငံ​ရေး​ အကျဉ်း​သား​တချို့​ ​ထောင်ထဲမှာ ကျန်​နေ​သေး​တာကိုလည်း​ ကျမတို့​ ​မေ့​ထား​လို့​ မဖြစ်ပါဘူး​။”

No comments: