Sunday, January 15, 2012

ရဲသတင်းပေး အမျိုးသမီး ၂ ဦး မူးယစ်ဆေးနှင့် အတူ စစ်တွေတွင် ဖမ်းဆီးခံရ

နိရဉ္စရာ

စစ်တွေ မူးယစ် ရဲတပ်ဖွဲ့အား သတင်းပေးနေသူ အမျိုးသမီး (၂) ဦးကို ပြည်သူများ၏ တိုင်းတန်းချက်ဖြင့် အထူးရဲအဖွဲ့က ဖမ်းဆီး လိုက် သည်ဟု သိရသည်။

ဖမ်းဆီးခံရသူ အမျိုးသမီးနှစ်ဦးမှာ စစ်တွေမြို့ စက်ရုံစု ရပ်ကွက်၊ အကွက် (၃) နေ မအေးစိန်(ခေါ်) မလှစိန်နှင့် မလှဖြူတို့ ဖြစ်ကြသည်။

" သူတို့က မူးယစ်ဆေးဝါးတွေကို ရပ်ကွက်မှာ ပေါ်ပေါ်ထင်ထင် ရောင်းတယ်။ ရဲသတင်းပေးဆိုပြီး ဘယ်သူမှ မဖမ်းရဲဘူး။ သူတို့က ရဲတွေ အမူလိုရင် သူတို့ဆီက မူးယစ်ဆေးဝါး ၀ယ်တဲ့သူတွေကို လက်ထောက်ချပေးတယ်။ ရဲက ဖမ်းတယ်။ တရားစွဲတယ်။ ထောင်ချတယ်။ ဒီလိုနဲ့ ထောင်ကျသွားတဲ့ လူက ၂၀ လောက်တောင် ရှိနေပြီ။ ဒါကြောင့် ရပ်ကွက်ထဲက လူတွေက အထက်ကို တိုင်ကြားတော့ အခု အဲဒီ အမျိုးသမီးနှစ်ဦးကို မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းမိခဲ့ပါတယ် " ဟု ရပ်ကွက်ထဲက လူကြီး တစ်ဦးက ပြောသည်။

အထူး ရဲတပ်ဖွဲ့မှ စက်ရုံစု ရပ်ကွက်၊ အကွက် (၃) အေးသာယာ လမ်းသွယ်တွင် သတင်းအရ စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးစဉ်သူတို့ထံမှ ဆေးခြောက်များလည်း ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

" သူတို့ကို ဖမ်းဆီးတာ အထူးရဲက ဖြစ်တယ်လို့ ပြောပါတယ်။ ဒီဇင်္ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ အချိန်မှာ မအေးစိန်ရယ်၊ သူ့သား ခင်မောင်အေးရယ်။ ပီးတော့ မလှဖြူတို့ကို ဆေးခြောက် ၃၃ ကျပ်သားနဲ့အတူ တစ်ခါသုံး စက္ကူ အိတ်တွေမှာ ထည့်ပြီး ရောင်းချနေစဉ် ရဲက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ "

အဆိုပါ အမျိုးသမီး (၂) ဦးသည် မူးယစ် အထူး ရဲ ၏ သတင်းပေးဟု ဆိုကာ စက်ရုံစု ရပ်ကွက်တွင် ဆေးခြောက်များကို ပင်ရင်းဒိုင် အဖြစ် ဖွင့်လှစ်ရောင်းချနေစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သော်လည်း ရပ်ကွက်နေ ဒေသခံအများစုက ရဲအဖွဲ့မှ ငွေယူပြီး သူတို့ကို လွှတ်ပေးလိုက်မည်ကို စိုးရိမ်နေကြောင်း သူက ဆက်ပြောသည်။

" သူတို့ကို အရင်ကလည်း ဖမ်းဆီးတာတွေ ရှိခဲ့တယ်။ ဒါပေမယ့် ငွေပေးတဲ့ အတွက် ရဲနဲ့ တရားသူကြီး ပေါင်းပြီး လွှတ်ပေးလိုက်တယ်။ ဒါကြောင့် ဒီတခေါက်လည်း ပြန်လွတ်ပေးမှာကို ရပ်ကွက်လူထုက စိုးရိမ်နေပါတယ် " ဟု သူက ဆက်ပြောသည်။

စစ်တွေ မူးယစ် ရဲတပ်ဖွဲ့သည် ၅၀၀ ဖိုး ၁၀၀၀ ဖိုး ၀ယ်သူ သုံးစွဲသူ သာမန် အရပ်သားများကို သာ ဖမ်းဆီး အရေးယူပြီး ဒိုင်ဖွင့်ပြီး မူးယစ်ဆေးဝါးရောင်းသူမျာ့း ထံမှ လစဉ် ပုံမှန် ငွေရနေသဖြင့် အရေးယူလေ့ မရှိသဖြင့် အဆိုပါ အမျိုးသမီး (၂) ဦးကိုလည်း ငွေယူပြီး ပြန်လွှတ်ပေးမည်ကို ရပ်ကွက်နေလူထု စိုးရိမ်နေကြောင်း သိရသည်။

No comments: