Friday, January 20, 2012

ကားသစ် ၂ သောင်း တင်သွင်းခွင့်ကြောင့် ဒေါ်လာဈေး တက်

ဧရာဝတီ on January 20, 2012


လုပ်ငန်းရှင်များ၊ စီးပွားရေး ကုမ္ပဏီများ၊ သင်္ဘော သားနှင့် ပြည်ပရောက် အလုပ်သမား များကို ကားသစ် အရေ အတွက် ၂ သောင်းခန့် တင်သွင်း ခွင့်ပြု မည်ဟု အစိုးရ ကတရားဝင် သတင်း ထုတ်ပြန် လိုက်သောကြောင့် အမေရိကန်ဒေါ်လာဈေးနှုန်း ထပ်မံ မြင့်တက် လာ ကြောင်း သတင်းရရှိသည်။

အစိုးရက ၂၀၁၂ ခုနှစ်တွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များကို ကားစီးရေ ၆၀၀၀၊ ဟိုတယ်လုပ်ငန်းရှင်များကို ကားစီးရေ ၁၀၀၀၊ ပြည် ပရောက် မြန်မာအလုပ်သမားများကို ကားစီးရေ ၃၀၀၀၊ သင်္ဘောသားများကို ကားစီးရေ ၃၀၀၀၊ ၀န်ကြီးဌာနဆိုင်ရာများအတွက် ကားစီး ရေ ၁၇၀၀၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းများကို ကားစီးရေ ၃၀၀၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် တခြား ကိစ္စ ရပ်များ အတွက် ကားစီးရေ ၄၇၀၀၊ စုစုပေါင်း ကားစီးရေ ၁၉၇၀၀ တင်သွင်းခွင့်ပြုမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်န၀ါရီလဆန်းပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အစိုးရက ကားဟောင်းများကို ကားသစ်များနှင့် အစားထိုးခွင့်ပြုခြင်း၊ တရုတ်နိုင်ငံထုတ် Cherry QQ အမျိုးအစား ကားသစ် အစီးရေ ၁ ထောင်ကျော် တင်သွင်းနေပြီး အမေရိကန် ဒေါ်လာဖြင့် တိုက်ရိုက် ပြန်လည်ရောင်းချခြင်းတို့ကြောင့် ဒေါ်လာဈေး ပြန်မာလာခဲ့သည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ စီးပွားရေးလုပ်ငန်းရှင်တဦးက “ကားစီးရေ နှစ် သောင်း တင်သွင်းခွင့်ပေးမယ့်အပြင် ကားဟောင်းအစားထိုး ကားသစ်တွေကလည်း ဆက်တိုက်ဝင်နေတယ်။ ဒါ့အပြင် တရုတ် ချယ်ရီ ၀က်စ်ဂွန် ကား ၁ ထောင် ကျော်လည်း ထပ်ပြီး မှာထား တယ်လို့ စက်မှု ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားတယ်။ ကားတွေ ဆက်တိုက်ဝင်ဖို့ရှိတော့ ဒေါ်လာတန်ဖိုးက ဆက်တိုက်ဆိုသလိုပဲ တက်နေတယ်။ ကမ္ဘာ့စီးပွားရေးမှာလည်း ဒေါ်လာတန်ဖိုးက တက်နေတယ်” ဟု ပြောသည်။

အမေရိကန်ဒေါ်လာဈေးနှုန်းသည် ဇန်န၀ါရီ လဆန်းပိုင်းက တဒေါ်လာ ကျပ်ငွေ ၇၉၀ ကျော်တွင်သာ ရှိခဲ့ရာမှ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် တစ်ဒေါ်လာ ၈၂၅ ကျပ် အထိ ဈေးတက်လာသည်။

“ဒေါ်လာက အတက်ချည်းပဲ။ စီးပွားရေးက သွင်းကုန်တွေချည်းပဲ။ သွင်းတဲ့ စီးပွားရေးပုံစံဖြစ်နေတော့ တက်ဦးမယ်။ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုတွေ ပြန်ဝင်လာရင်တော့ ကျကောင်းကျနိုင်ပါတယ်။ ဒါပေမယ့် ရေတိုကာလအတွက်က ဒေါ်လာတက်ဖို့ပဲရှိတယ်” ဟု ရန်ကုန်မှ စီးပွားရေးသမားတဦးက ဆိုသည်။

အစိုးရက အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်အောင် လုပ်ဆောင်မည်ဟု ပြောဆိုထားပြီး တဒေါ်လာလျှင် ငွေလဲနှုန်း ကျပ်ငွေ ကိုးရာနှင့် ၁၀၀၀ အကြားရှိလျှင် ပြည်ပပို့ကုန်လုပ်ငန်းများ တင်ပို့မှု မြင့်မားလာနိုင်သည်ဟုဆိုကာ
ဒေါ်လာဈေးတက်ရန် လုပ်ဆောင်လျက်ရှိသည်။

ပြည်တွင်းစီးပွားရေးသည် နိုင်ငံရေးအခြေအနေများ ကောင်းမွန်နေပြီး ပြည်ပရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်ရန် နီးစပ်လာမှုတို့ကြောင့် စ တင် လည်ပတ်နေပြီဟု စီးပွားရေးအသိုင်းအ၀ိုင်းမှ သိရှိရသည်။

“စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ကလည်း အတော်ကို နီးစပ်တော့ စီးပွားရေးက အရင်လို တုံ့ဆိုင်းတာမျိုးတော့ နည်းတယ်။ ခရီးသွား လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဆန်၊ ငါး၊ ရေထွက်ပစ္စည်း တင်ပို့တဲ့လုပ်ငန်းတွေ အကုန် ပြန်လည်ပတ်နေပြီ။ စီးပွားရေးက တဖြည်းဖြည်း အရှိန်ရနေတယ်။ အစိုးရဘက်ကလည်း လုပ်နိုင်တာလေးတွေ လုပ်ပေးနေတော့ စီးပွားရေးသမားတွေ အဆင်ပြေတယ်။ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားရင် ပြည်တွင်းစီးပွားရေးတခုလုံး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးဖို့ သေချာပြီ” ဟု UMFCCI မှ စီးပွားရေးသမားက သုံးသပ်သည်။

သို့သော် ပြည်တွင်း စီးပွားရေးပညာရှင်များကမူ ယခုအခြေအနေတွင် အစိုးရအနေနှင့် လိုအပ်သော ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေများပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြဋ္ဌာန်းခြင်းများကို လွှတ်တော်တွင် တင်ပြပြီး အမြန်လုပ်ဆောင်သင့်သည်ဟု ဆိုသည်။

“မြန်မာ့စီးပွားရေးကို ကြည့်လိုက်ရင် အကောင်းဘက်ကိုချည်းပဲ သွားနေတယ်။ စီးပွားရေးပိတ်ဆို့မှုကလည်း သိပ်မကြာခင်မှာ ပြေလည် သွားတော့မယ်။ အရေးတကြီးလုပ်ဖို့ လိုတာက နှစ်ပေါင်းများစွာ ဖရိုဖရဲဖြစ်နေတဲ့ စီးပွားရေးဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို ပြန်ပြီး ပြုပြင်ပါ။ လွှတ်တော်တွေမှာ တင်ပြပြီး လုပ်စရာရှိတာ ပြင်စရာ၊ ပြဋ္ဌာန်းစရာရှိတာတွေ မြန်မြန်လုပ်ထားဖို့ အရေးကြီးတယ်။ ဥပမာ- ငွေ ကြေးနဲ့ ဘဏ်လုပ်ငန်းဥပဒေ၊ အခွန်ဥပဒေ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေ၊ ဒါတွေပေါ့။ အခုအစိုးရ လုပ်နေတာတွေက နှေးလွန်း နေ တယ်” ဟု ပြည်တွင်းစီးပွား ရေးပညာရှင်တဦးက သုံးသပ်သည်။

သမ္မတဦးသိန်းစိန်က ၄င်း၏အစိုးရသည် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်အောင် လုပ်ဆောင်မည်ဟု မိန့်ခွန်းများတွင် မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုထားသည်။

No comments: