Tuesday, January 3, 2012

လွတ်ငြိမ်းခွင့်အမိန့်အရ ၈၈ မျိုးဆက်များ ပြန်လွတ်လာဖွယ်မရှိ

ရွှေအောင်

ဇန်န၀ါရီ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် လိုက်တဲ့ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အရ ဆိုရင် ၈၈ မျိုးဆက် ကျောင်းသားတွေ တဦး တယောက်မှ ပြန်လွတ် လာဖို့ မရှိ ဘူးလို့ ၈၈ မျိုးဆက် တဦးဖြစ်တဲ့ စမ်းချောင်း ကိုကိုကြီးက ပြောပါတယ်။

စမ်းချောင်းကိုကိုကြီးက သူတို့အလိမ်ခံနေရပြီလို့ ခံစားမိတဲ့အကြောင်း အခုလို ပြောပါတယ်။

“၈၈ မျိုးဆက် အနေနဲ့ ပြောချင်တာ ကတော့ စိတ်ပျက် တယ်ဆိုတဲ့ စကားထက် ပိုမယ်ဗျာ။ ဒီခရီးမှာ ဒီပုံစံမျိုး နဲ့ဆိုရင် ကျနော်တို့ နိုင်ငံ ရှေ့ဆက် ဘယ်လိုမှ သွားလို့ ရတဲ့ အနေအထား မျိုးတောင် မဟုတ် တော့ဘူးလို့ ထင်မိတယ်။ ကျနော်တို့ အညာခံ ရသလား၊ ဒါမှမဟုတ် ကျနော်တို့ ပြည်သူတွေ အညာခံ ရသလား၊ ကမ္ဘာကြီး တခုလုံးပဲ အညာခံ ရသလား မသိ တော့ဘူး။ ဟီလာရီ ကလင်တန်လည်း အညာခံ ရတယ်လို့ ကျနော်တို့ ထင်တယ်။ အဲလောက်ကို ကျနော်တို့ စိတ်ထဲမှာ ခံစား မိတယ်။ ၈၈ မိသားစု ၀င်တွေ ကလည်း တော်တော် စိတ်မ ကောင်း ဖြစ်နေကြ တယ်။ အများကြီး မျှော်လင့် ထားကြတယ်။ နိုင်ငံကို တကယ် ကောင်းအောင် လုပ်မယ် ဆိုရင် တကယ် လွှတ်လိမ့် မယ်လို့ မျှော်လင့် ထားတကြ တယ်။ အခု အနေအထား ကတော့ ၉၂ တုန်းက တကြိမ်ကြုံ ခဲ့ဖူးတယ်။ ၈၈/၉၂ ကို ကြေညာချက် ထုတ်ပြီး တော့ လူတွေကို လျှော့ပေးတယ်။ ၁၀ အထက် ၁၀ နှစ်ဆိုပြီး၊ တယောက်မှ ထောင်ထဲ ကနေ ထောင်ပြင် ထွက်မ လာဘူး။ အခုလည်း ယုံကြည် ချက်ကြောင့် ကျတဲ့ နိုင်ငံရေး အကျဉ်းသား အယောက် ၂၀ ထက် မပိုဘူးလို့ ကျနော် ထင်တယ်။ ၈၈ ကတော့ တယောက်မှာ မပါဘူး။”

အကျဉ်းထောင်တွေထဲမှာ ၈၈မျိုးဆက် စုစုပေါင်း ၂၇ ဦး ကျန်နေသေးတယ်လို့ ဆိုပါတယ်။

မြင်းခြံ ထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ကျခံ နေရတဲ့ ၈၈ မျိုးဆက် ကျောင်းသူ မသက်သက် အောင်ရဲ့ မိခင်ဖြစ်သူ ဒေါ်စုစုကြည် က လည်း ဒါ လွတ်ငြိမ်း ချမ်းသာခွင့် မဟုတ် ဘူးလို့ ပြောပါတယ်။

“သူတို့တွေ ပြောတာက၊ ကမ္ဘာကြီး ကိုရော၊ ကလင်တန်တို့ အကုန် လုံးကို ပြောတာက လွှတ်ပေး မှာပါ။ နိုင်ငံရေး အကျဉ်းသား ဖြစ်ဖြစ်၊ ယုံကြည် ချက်ကြောင့် အကျဉ်းကျ ခံနေရ သူများပဲ ဖြစ်ဖြစ်၊ အကုန်လုံး နီးပါးကို လွှတ်ပေး မှာပါလို့ ပြောထား ပြီးတော့ အခုကျတော့ မပါဘူး ဆိုတော့ သူတို့ ပြောတဲ့ ဟာက လွတ်ငြိမ်း ချမ်းသာ ခွင့်မှ မဟုတ်တာ။ နှစ်လျှော့ တာပဲ ရှိတယ်။ ကျမ အနေနဲ့ လွတ်ငြိမ်း ချမ်းသာ ခွင့်ဆို တာကို လက်မခံ နိုင်ဘူး။ တကယ့် ဒီမိုကရေစီ လမ်းကြောင်း အတိုင်း သွားမယ် ဆိုရင် မဟုတ်က ဟုတ်ကတွေ မလုပ်ပါနဲ့၊ အမှန် အတိုင်း လုပ်ပါလို့ ကျမ ပြောချင်တယ်။”

No comments: