Thursday, January 19, 2012

KIO နှင့် အစိုးရကိုယ်စားလှယ်များ နိုင်ငံရေးဆွေးနွေးပွဲစတင်

သျှမ်းသံတော်ဆင့်

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIOနှင့် ဦး အောင်သောင်း ဦးဆောင် သည့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့တို့ ယနေ့ မွန်းလွဲ ၁ နာရီခွဲ ခန့်တွင် တရုတ် နိုင်ငံ ရွှေလီမြို့၌ နိုင်ငံရေး ဆွေးနွေးပွဲ စတင်လိုက်ပြီး အမျိုးသား တန်းတူရေး နှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကိစ္စ ဆွေးနွေး မည်ဟု KIO ပြောခွင့်ရ တွဲဘက် အတွင်း ရေးမှူး ဦးလနန်က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

KIO ဘက်မှ ဆွေးနွေးမည့် အကြောင်း အရာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဦးအောင် သောင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ် စား လှယ်အဖွဲ့ထံ ယနေ့ ရက်စွဲဖြင့် စာတစ်စောင် ကြိုတင် ပေးပို့ ထားကြောင်း သိရသည်။

“ကျနော်တို့ အဖွဲ့တွေ့ဆုံ ဆွေးနွေး မဲ့စာကို ဦးအောင်သောင်း ကိုတစ်ခါတည်း ပေးလိုက် ပါတယ်။ သမ္မတ ကိုလည်း မိတ္တူ ပေးပို့ ပါ တယ်။ မနေ့ ကလည်း ပြည်သူ လူထု ထံပန်ကြား လွာဆိုပြီး ထုတ်ပြန် ထားတယ်။ အဲဒီ လမ်းကြောင်း ပေါ်ကနေ ဆွေးနွေး သွားမှာပါ ” - ဟု ဆိုသည်။

သမ္မတနှင့် ဦးအောင်သောင်းတို့ထံ ယနေ့ပေးပို့သောစာတွင် အချက် ၆ ချက်ပါဝင်ပြီး မြန်မာ့ လွတ်လပ်ရေးရရှိချိန်မှစ၍ ကချင် လူမျိုးစု များ၏ မူလရပိုင်ခွင့်များနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ဆုံးရှုံးနေကြောင်း ရေးသားထားသည်။

ပင်လုံတွင် ကချင်တိုင်းရင်းသားများနှင့် သဘောတူညီခဲ့သော အမျိုးသားတန်းတူမှုနှင့် တိုင်းရင်းသားများ ကိုယ့်ကြမ္မာ ကိုယ်ဖန် တီးမှု များအပေါ် အခြေခံသော နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်ရန်လိုလားကြောင်းလည်း တောင်းဆိုထားသည်။

“ကျနော်တို့လိုလားချက်တွေ အသေးစိတ်တော့ စာမှာရေးထားတယ်ခင်ဗျ။ ကျန်တဲ့လက်နက် ကိုင်အင်အားစုတွေကို အစိုးရ ကိုယ်စား လှယ်တွေဘက်က ပြောနေတဲ့လမ်းကြောင်းကတော့ ကျနော်တို့လက်ခံမှာမဟုတ်ဘူး” - ဟုသူကဆက်ပြောသည်။

KIO အမြဲတမ်းဗဟိုကော်မတီဝင် ဆွန်လွတ်ဂမ် ဦးဆောင်သည့် ၁၂ ဦးပါ အဖွဲ့နှင့် ဦးအောင် သောင်း ဦးဆောင်သည့် ၁၄ ဦးပါ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့တို့ တွေ့ဆုံဆွေး နွေးနေခြင်းဖြစ်ပြီး ဆွေးနွေးပွဲပြီးဆုံးမည့်နေ့ရက်ကို ကြိုတင် ပြောဆို နိုင်ခြင်း မရှိ သေး ကြောင်း သိရသည်။

No comments: