Wednesday, January 18, 2012

အချက် အချာကျ မိုင်းယောင်း ဒေသအား RCSS/SSA လက်မ လွှတ်ရန် CPB တပ်မှူးဟောင်း တိုက်တွန်း

သျှမ်းသံတော်ဆင့်


ပထဝီ အနေ အထားအရ အချက် အချာ ကျသည့် အပြင် စိုက်ပျိုးမြေ ကောင်းမွန်၍ သယံဇာတ အထွက် ပေါများ သည့်သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့ နယ်အတွင်းမှ သျှမ်းပြည် တပ်မတော် RCSS တပ်ဆုတ် ခွါခြင်း မပြုရန် ကွန်မြူနစ် ပါတီဝင် တပ်မှူးဟောင်း တဦး က ပြောဆို သတိပေး လိုက်သည်။

“ တကယ်တော့ သျှမ်းပြည်တပ်မတော်က ဟိုမိန်းနဲ့ မုံးထားကိုတောင်းမယ့်အစား ပါလျောင်း၊ ကျန်းလပ်နဲ့ မိုင်းယောင်းဖက် တောင်းသင့် တယ်လို့ ကျနော်မြင်တယ်။ ဒါမှ မိုင်းလားတို့နဲ့ နီးနီးကပ်ကပ်ဖြစ်သွားမယ်။ မိုင်းယောင်းက သျှမ်းပြည် အရှေ့ပိုင်းမှာ ဆန်ရေစပါး အပေါ များဆုံးနေရာလေ။ နောက်ပြီး မြေမျက်နှာပြင်ဆက်စပ်တဲ့နေရာဆိုတော့ နေရာကောင်း တခုဘဲလေ ” ဟု ၎င်းက ပြော သည်။

ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ၌ မြန်မာအစိုးရကိုယ်စားလှယ်များက သျှမ်းပြည်တပ်မတော် RCSS အား သျှမ်းပြည် အရှေ့ပိုင်း၌ လှုပ် ရှား နေသော ၎င်းတို့တပ်များအား ထိုင်းနယ်စပ်ရှိသို့ တပ်ရုပ်ပြန်ရန်လည်း ပြောဆိုဆွေးနွေးခဲ့သည်။

“ဟိုမိန်းနဲ့ မုံးထားသွားတောင်းတော့ ဘာရှိမှာတုန်းအဲ့မှာ။ နယ်စပ်နဲ့နီးတာတခုဘဲရှိတယ်။ တခြားလက်နက်ကိုင်တပ်ဖွဲ့ တွေလဲများတယ်။ မိုင်းယောင်းမှာဆိုရင် စားစရာမပူရသလို လှေဆိပ် ကူးတို့ဆိပ်လဲရှိမယ်။ တရုတ်ဖက်ထွက်မလား၊ လောဝ်ဖက်သွားမလား၊ ထိုင်းသွား မယ် ဆိုရင်လဲရတယ်။ မိုင်းယောင်းကိုတော့ လက်မလွှတ်သင့်ဘူး” ဟု အဆိုပါ တပ်မှူး ဟောင်းကပြောသည်။

တရုတ်စစ်ပညာရှင်ကြီး ဆွန်းဇူးက - သုံးပြည်ထောင်ဆက်စပ်နေသောနေရာအား အစိုးရသောသူသည် တိုင်း၊ နိုင်ငံကံ ဇာတာအား ချုပ် ကိုင်နိုင်သူဖြစ်သည်။ အဆိုပါ ဒေသအား သိမ်းပိုက်နိုင်သူအား မိတ်ဆွေအဖြစ်ပေါင်းသင်းရမည် ဟု အဆိုပြုထားသည်။

မိုင်းယောင်းမြို့သည် သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့အရှေ့ဖက် ၁၀၅ ကီလိုမီတာခန့်အကွာ၊ နယ်စပ်မြို့ တာချီလိတ်မှ အရှေ့ မြောက် ဖက် ၁၅၇ ကီလိုမီတာ ခန့်အကွာတွင် တည်ရှိသည်။ အကျယ်အဝန်း ၂၇၅၄ စတုရန်းမိုင်(၇၀၅၀ စတုရန်း ကီလိုမီတာ) ရှိပြီး မိုင်းယောင်း မြို့နယ်အောက်၌ ၂၃ အုပ်စု ၃၀၇ ရွာ ရှိပါသည်။ ဆန်စပါးအထွက်များပြီး လူသုံးကုန် ပစ္စည်းကိုမူ နယ်စပ်တာချီလိတ်သို့ လာရောက် သယ် ယူကြ ရကြောင်း သိရပါသည်။

No comments: