Tuesday, January 10, 2012

ဂန္တဝင်မြောက် တရုတ် စစ်ပညာ စာအုပ် SSA ခေါင်းဆောင်များ လက်ခံ ရရှိ

မွေခေါဝ်


သျှမ်းပြည်တပ်မတော်-တောင်ပိုင်း ခေါ် RCSS/SSA ခေါင်းဆောင်များ တရုတ်ပြည်၌ သမိုင်းဝင် ဂန္တဝင်မြောက် စစ်ပညာကျမ်းစာအုပ်ကို နှစ်သစ်ကူးလက်ဆောင်မွန်အဖြစ် လက်ခံရရှိကြောင်း SSA အသိုင်းအဝိုင်းမှ သိရှိရပါ သည်။

RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ်နှင့် စစ်ဒေသ ၁ တပ်မှူး ဒု-ဗိုလ်မှူးကြီး ကွမ်းဇင့် တို့ တရုတ်ဘာသာ ဖြင့် ရေးသားထား သော “The Art of War” (စစ်ပညာ) အမည်ရှိစာအုပ်ကို လက်ခံရရှိသည်ဟုဆို၏။

“စိတ်မကောင်းစရာကတော့ ကျနော်တို့က တရုတ်စာ မဖတ်တတ်ဘူး။ ဒါပေမဲ့ ကံကောင်းတာကတော့ ထိုင်း ဘာသာနဲ့ ရေးထားတဲ့ ဟာကို ကျနော်တို့ ရှာဖွေ ဖတ်နိုင်တယ်” ဟု စဝ်ကွမ်းဇင့် က သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

တရုတ်မိတ်ဆွေများအနေဖြင့် သျှမ်းပြည်တပ်မတော်သည် နိုင်ငံရေး၊ စစ်ရေး၌ အောင်မြင်လိုပါက “The Art of War” စာအုပ်ပါ နည်း လမ်း များကို အသုံးပြုသင့်သည်ဟု သွယ်ဝိုက်ကာ ရည်ရွယ်ပြောဆိုခြင်းဖြစ်ကြောင်း သူက သုံးသပ်ပါသည်။

ဆွန်ဇူး(BC 551-467)၏ အခန်း ၁၃ ခန်းပါ “ The Art of War” စာအုပ်ကို ၁၉၈၀ ခုနှစ်က သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်စိုင်းက ထိုင်းဘာသာမှ သျှမ်းဘာသာသို့ ပြန်ဆိုရေးသားခဲ့ဖူးသည်။ ၂၀၀၇-၂၀၀၈ အတောအ တွင်း ဦးခွန်စိုင်း သည် အင်္ဂလိပ်နှင့် ထိုင်းဘာသာ ပြန်စာအုပ်များနှင့် နှိုင်းယှဉ်ကာ သျှမ်းဘာသာပြန်ဆိုရေးသား၍ ကွဏ်းခေါ်စာစောင် အမှတ် ၂၃၃ မှ ၂၄၆ ၌ ထည့်သွင်းဖော်ပြထားသည်။

ရေသည် မာကျောသည့်နေရာများကိုရှောင်ဖယ်ပြီး မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသည့်နည်းအတိုင်း စစ်တိုက်ရာ ၌လည်း ရန်သူ၏ အားသာ ကွက်များကို ရှောင်ဖယ်ပြီး အားနည်းကွက်များကို တိုက်ရမည်ဖြစ်ကြောင်း၊ စစ်ပွဲ၌ မတိုက်ရဘဲ အောင်နိုင်ခြင်းသည် အကောင်း ဆုံးဖြစ် ကြောင်းလည်း ဆွန်ဇူး က ရေးသားထားသည်။

ထိုနည်းလမ်းများကို တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းက လက်ခံကျင့်သုံးသောကြောင့် အမေရိကန်တို့ ကူညီ ထောက်ပံ့ ပေး သော ချန်ကေရှိတ်ကို တိုက်ခိုက်အောင်မြင်ခဲ့သည်ဟု ဆိုပါသည်။

No comments: