Wednesday, December 19, 2012

ဗိုလ်ချုပ်သမီး၏ ဗိုလ်ချုပ်ဇာတိ ခရီးစဉ်

နန်းဆိုင်နွမ်

အနီရောင် ခွပ်ဒေါင်းအလံများကို လေထဲတွင် ဝှေ့ယမ်းကာ “အမေစု ကျန်းမာပါစေ” ဟုဟစ် အော် ဆုတောင်းရင်း သိန်းချီသည့် နတ် မောက် ပြည်သူများသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုနေ ကြသည်။

ထိုနေ့က ဒီဇင်ဘာ ၈ ရက်နေ့အမျိုးသားအောင်ပွဲနေ့ ဖြစ်သည့်အလျှောက် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်မြေ ဖြစ် သည့် နတ်မောက်မြို့နယ်ကို ၎င်း၏သမီးဖြစ်သူ လာရောက်ပြီး ဟောပြောမည် ဖြစ်သည့်အတွက် နတ်မောက် အနီးတ၀ိုက်ရှိ ရွာပေါင်း ၅၀ ကျော်နှင့် ပွင့်ဖြူ၊ အောင်လံ အစရှိသည့် မြို့နယ်များမှ ဒေသခံများပါ လာရောက် စုဝေး နားထောင်ကြသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မှ စတင် ထွက်ခွာလာပြီး တောင်တွင်းကြီး၊ မြို့သစ် စသည့် လမ်းတလျှောက်ရှိ ပြည်သူများ နှင့် တွေ့ ဆုံစကားပြော လာကာ နတ်မောက်မြို့သို့ ညနေ ၃ နာရီခန့်တွင် ရောက်ရှိလာပြီး ၂၅ မိနစ်ခန့်မိန့်ခွန်း ပြောကြားခဲ့သည်။

“နတ်မောက်မြို့နယ်ဟာ ပညာတတ် အများစု မွေးတဲ့ နယ်မြေဖြစ်တယ်။ ဆက်ပြီးတော့ ဒီဟာကို ထိန်း သိမ်းသွားဖို့ ယုံကြည်တယ်။ ကျမဟာ နတ်မောက်သွေး ပါတဲ့အတွက် အရမ်း ဂုဏ်ယူတယ်။ပညာတတ်တွေ အများကြီး ထွက်လာ အောင် ပညာရှင်တွေကိုလည်း လေးစားရမယ်။ နတ်မောက် ပြည်သူတွေဟာ ကမ္ဘာ့အလယ်မှာ စံပြရလောက်တဲ့ လူတွေ ဖြစ်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကမိန့်ခွန်းထဲတွင်ထည့်ပြော ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို လာရောက် နားထောင်သည့် ပြည်သူအများစုသည် ၎င်း၏ မိန့်ခွန်းကို တကြိမ်တခါမျှ နားထောင်ဖူး ခြင်း မရှိသကဲ့သို့ မိန့်ခွန်းဆိုသည်ကိုပင် နားထောင်ဖူးကြခြင်း မရှိကြောင်း နတ်မောက်နှင့် ၁၂ မိုင်ခန့် ဝေးသည့် ရွာငယ် တရွာမှ လာ ရောက် နား ထောင်သည့် ဦးစိန်ထွန်းက ဆိုသည်။

“၁၉၉၀ ပြည့်နှစ် တုန်းက နတ်မောက်မှာ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ်လာပြီး မိန့်ခွန်းပြောဖို့ လုပ်တယ်။ အဲဒီတုန်းကလည်း လာ နားထောင်သေးတယ်။ အာဏာပိုင်တွေ ဘယ်လောက်တားတား အဘိုးတို့က လာမှာပဲ။ နတ်မောက် ဟာ ဗိုလ်ချုပ်မြို့ ဖြစ်ပြီး ဘာမှ မလုပ် ပေးခဲ့လို့ ဘာမှ မတိုးတက်ဘူး” ဟု နတ်မောက်မြို့ မြောက်ပိုင်းရပ် ပင်းကွေကြိုးမှ အ သက် ၆၈ နှစ် အရွယ်ရှိသည့် ဦးဆေးနီက ပြောသည်။

နတ်မောက်မြို့သည် ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားရာ ဇာတိမြေဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသေးသည်ကို တွေ့ရသည်။ စီး ပွား ရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးတခုတည်းကိုသာ လုပ်ဆောင်နေရ သော်လည်း စိုက်ပျိုးရေး နည်းပညာနှင့် ပတ်သက်၍ နိမ့်ကျလျှက် ရှိနေ ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးက အစ ကောင်းမွန်ခြင်းမရှိကြောင်း ကြားသိရသည်။

နတ်မောက် ပြည်သူများမှာ ၎င်းတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ထံ အားကိုးလိုကြကြောင်း တွေ့ရသည်။

“လူတယောက်ကို အရမ်းမယုံကြည်၊ အားမကိုးပါနဲ့။ ကိုယ်က ယုံကြည်အားကိုးပြီး ခေါင်းဆောင် တင် လိုက်မယ်ဆိုရင် အဲဒီလူက လူဆိုးဖြစ် နေရင် ဘယ်လိုလုပ်မှာလဲ။ ကိုယ်တိုင်လည်း ခေါင်းဆောင်ဖြစ်အောင် လုပ်ဖို့လိုအပ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က နတ်မောက်တွင် ပြောခဲ့သည်။

အဆိုပါနေ့က ကလေး၊ လူကြီးများသည် ခွပ်ဒေါင်းတံဆိပ်ပါသည့် အင်္ကျီကိုဝတ်၊ ခွပ်ဒေါင်း စတေကာများကို မျက်နှာ၊ နဖူးတို့တွင် ကပ် ထား ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားထောင်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်က သိလိုသည့်၊ မေးလိုသည့် လိုအပ်ချက် များကို ပြည် သူများထံ မေးမြန်းပြီး တတ်နိုင်သမျှ ကူညီသွားမည်ဟု ဆိုသည်။

အိုစည်ဒိုးပတ်သံနှင့် အတူ စည်းချက်မှန်မှန် ကနေသည့် အသက် ၁၀ နှစ်အရွယ် နတ်မောက်သား ကျောင်းသားတဦးက “သားကနတ် မောက် သား တယောက်ဖြစ်ရတာ အရမ်းဂုဏ်ယူပါတယ်။ ဗိုလ်ချုပ်ကလည်း နတ်မောက် ဇာတိ ဆိုတော့လေ။အမေစုကိုလည်း သားက ချစ်တယ်။ အဲ ဒါကြောင့် သားတို့အဖွဲ့က ဒီကို လာတာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နတ်မောက်တွင် ပြည်သူများနှင့် တွေ့ဆုံပြီး ဆွေမျိုးများနှင့်ခေတ္တ စကားပြောတွေ့ဆုံကာ မကွေးမြို့သို့ ခရီး ဆက် ခဲ့သည်။ မကွေးမြို့သွား ကားလမ်း တလျှောက်တွင်လည်း စောင့်ဆိုင်းနှုတ်ဆက်သူများစွာကို တွေ့ရသည်။ ကြံကန်ရွာတွင် ၎င်း၏ ကား ကိုရပ်ပြီး ပြည်သူများကို စကားပြောကာ မကွေးသို့ဆက်ခဲ့သည်။

ကားလမ်းတလျှောက်လိုက်လံ နှုတ်ဆက်သူများကို ပြန်လည် နှုတ်ဆက်နေရသည့် အတွက် ညနေ ၆ နာရီထိုးမှ ဒေါ်အောင်ဆန်းစုကြည် ၏ ကား မကွေးမြို့ ထိန်ထိန်သာ ဟိုတယ်သို့ ဆိုက်ရောက်နိုင်ခဲ့သည်။ ၎င်း၏လုံခြုံရေးအတွက်NLD ပါတီဝင်များ လိုက်ပါလာသကဲ့သို့ အ စိုးရ ဘက်မှ ရဲတပ်ဖွဲ့ဝင်များ၊ ယဉ်ထိန်းရဲများလည်း တာဝန်ယူထားကြသည်။

မကွေးမြို့ မြသလွန်ဘုရားရှိ ဘုရားဝန်းတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ လုပ်မည်ကို သိသဖြင့် စောင့်ဆိုင်း နေသူများ များပြား လှ သည်။ ဒေါ်အောင်ဆန်းစုကြည်က ည ၇ နာရီ ၄၅ မိနစ်တွင် မကွေးကွင်းသို့ ရောက်လာပြီး လူထုဟောပြောပွဲ ကျင်းပခဲ့သည်။

မကွေးတွင် ဟောပြောခဲ့သည့် မိန့်ခွန်းမှာ မိဘများက ကလေးသူငယ်များကို ကိုယ်ပိုင် စဉ်းစားတတ်ရန်၊ မေးခွန်း ထုတ်တက်စေရန် သင် ပေး သင့်ကြောင်း၊ ထိုနည်းတူ ကျောင်းဆရာ၊ ဆရာမ များကလည်း ကလေးများ တွေးတောတတ်စေရန် လုပ်ပေးသင့်ကြောင်း၊ ကလေး များမေး သည့်မေးခွန်းကို စိတ်ရှည်လက်ရှည် ဖြေဆိုသင့်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကမြန်မာနိုင်ငံ၏ ပညာရေးသည် ကမ္ဘာတွင် အလွန် ကျော်စောခဲ့ကြောင်း၊ ကလေးများအား မစပ်စု၊ မတွေးတောခိုင်းပါကနောင် နှစ် ၅၀ တွင် မြန်မာပြည် ပညာရေး အလွန် ဆိုးဝါး သွားနိုင် ကြောင်း အစရှိသည်ဖြင့် ဖြစ်သည်။

“အပြောင်းအလဲ လုပ်တဲ့နေရာမှာ ကျမတို့ဘက်က တင်းတင်းမာမာနဲ့ မလုပ်သင့်ဘူး။ ပျော့ပျော့ပျောင်း ပျောင်း နည်းနဲ့ အများပြည်သူအတွက် အကျိုးရှိမယ့် ဟာကို ရှာကြည့်ပြီးတော့ လုပ်သွားရမယ်။ အခု ကျမတို့ သွားနေတဲ့ လမ်းက လွယ် တဲ့ လမ်းတခုတော့ မဟုတ်ဘူး။ ခက်ခဲကြမ်း တမ်းတဲ့ လမ်းတခုဖြစ်ပါတယ်။ ဒီခက်ခဲတဲ့ လမ်းခရီးကို အစဉ်သင့် ဖြစ်နေအောင် ကျမတို့ ပြည်သူတွေနဲ့ အတူတကွ ခရီးထွက်ကြမယ်။ ကြို တင် ပြင်ဆင်မှုတွေကို လူထု အနေနဲ့ အများကြီး လုပ်ထားဖို့ လိုတယ်။ ဒါမှ ကောင်းမွန် တဲ့ နိုင်ငံတရပ်ဖြစ်လာမယ်” ဟု သူက ပြောဆိုအပြီး တွင် ပြည်သူအများက အားပေး ထောက်ခံသည့် အနေဖြင့် လက်ခုပ် သြ ဘာပေးရာ ကွင်းတခုလုံး ညံသွားလေသည်။

မကွေးပြည်သူ များက ဒေါ်အောင်ဆန်းစုကြည်အပေါ် အားကိုးလိုကြောင်း၊ ၎င်းအသံကို နားထောင်လိုက်ရသဖြင့် အလွန်ပင် စိတ်ဓာတ် တက် ကြွလာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မြင်လိုက်ရသည့်အတွက် အလွန်ပင် ၀မ်းသာမိကြကြောင်း ပြောဆိုကြ သည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် ကားသည် မကွေးမြသလွန် ဘုရားကွင်းမှ နောက်တနေ့ ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၈ နာရီ ခွဲခန့်တွင် ထွက်ခွာလာကာ ရေနံချောင်းသို့ ခရီးဆက်ခဲ့ ပြန်သည်။ ရေနံချောင်း ဒေသခံများကလည်း ဒေါ်အောင်ဆန်းစုကြည် မလာမီ ကားလမ်း ပေါ် တွင် ရပ်စောင့်ပြီး ခွပ်ဒေါင်းအလံများကို လေထဲတွင် ဝှေ့ယမ်းကာကြိုဆိုနေသကဲ့သို့ ဖြတ်သွားသည့် ကားတိုင်းကို လိုက် လံ “အမေစု ကျန်းမာပါစေ” ဟု အော်နေကြသည်။

“ဗိုလ်ချုပ်အောင်ဆန်း အငွေ့အသက်များ လွှမ်းမိုးနေသည့် ရေနံ့သာ သခင်မြေမှလည်း အမေစုကို လှိုက် လှဲစွာ ကြိုဆို ပါတယ်” ဆိုသည့် ဗီ နိုင်း ဆိုင်းဘုတ်ထူ၍ ကြိုဆိုနေကြသည် ကိုလည်း တွေ့ရသည်။

ရေနံချောင်းမှတဆင့် ကျောက်ပန်းတောင်းသို့ ဒေါ်အောင်ဆန်းစုကြည် ခရီး ဆက်ခဲ့ပြန်သည်။

ယင်းဒေသတွင် သံဃာတော်များက ဗီနိုင်းဆိုင်းဘုတ်ကို ကိုင်ဆောင်လာပြီး ခေါင်းတွင် ခွပ်ဒေါင်းပုံပါ အနီရောင် ပုဝါကို စည်း၍ ပါးနှစ် ဘက် တွင် ဒေါ်အောင်ဆန်းစုကြည် ပုံကပ်ထားကာ NLD တံဆိပ်ပါ လွယ်အိတ်ကို လွယ်ထားသော ကိုရင်အပါး ၂၀၀ ကျော်ကိုလည်း တွေ့ရသည်။

အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူ များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသည့် ဗီနိုင်းချပ်များကိုကိုင်ဆောင်ပြီးတေးသီ ချင်း များကို ဟစ်အော်သီဆိုကာ ချီတက်လာကြသည်။

ကျောက်ပန်းတောင်း ဒေသခံ တဦး ဖြစ်သည့် ဦးလှအေးက “ကျောက်ပန်းတောင်းကိုလာမယ်ဆိုပြီး လုပ် ခဲ့ပေမယ့် အမြဲပျက်တယ်။ သူလာ မယ်လို့ ပြောလိုက်တာနဲ့ ကျနော်တို့ အမြဲတမ်း လာစောင့်ပါတယ်။ အခု သူလာတဲ့အတွက် အရမ်း ၀မ်း သာပါတယ်။ ကြိုဆိုပါတယ်” ဟု ဆို သည်။

မြန်မာပြည်သည် ယခုလက်ရှိ အခြေအနေထိ မည်သို့မျှ ထူးခြားမှု မရှိသေးကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကမူ ထိုင်းနှင့် မြန်မာ ကွာ ဟချက် မရှိကြောင်း၊ ယခု နောက်ဆုံး ၎င်းနေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ထိုင်းနိုင်ငံသို့ သွားစဉ် ကထိုင်းမြေကို ခြေမချ ခင် လေ ယာဉ်ပေါ်မှ ကြည့်သည့်အခါ ထိုင်းနိုင်ငံသည် မီးများလင်းထိန်၍ အလွန်လှနေကြောင်း၊ အလွန်ပင်တိုးတက်နေသည်ကို မြင်ရ ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ကျောက်ပန်းတောင်းသားများကို ပြောပြသည်။

“နိုင်ငံက စီမံခန့်ခွဲမှုညံ့လို့၊ အုပ်ချုပ်ရေးညံ့လို့ ဆင်းရဲတာပါ။ ပြည်သူတွေ နိုင်ငံရေး နားလည်ဖို့ လိုအပ်ပါ တယ်။ ဘယ်သူက ဘာလုပ်လဲဆိုတာ သိဖို့လိုအပ်ပါတယ်။ အစိုးရသုံးနေတဲ့ ငွေမှန်သမျှဟာ ပြည်သူ့ငွေတွေပါပဲ။ အဲဒါကြောင့် အစိုးရက ဘယ်လို သုံးနေတယ် ဆိုတာကို မေးမြန်း စုံစမ်းဖို့ ပြည်သူတွေမှာ တာဝန်ရှိတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ကျောက် ပန်းတောင်း မိန့်ခွန်းတွင် ထည့်ပြောသွားသည်။

နိုင်ငံတနိုင်ငံရဲ့ ချမ်းသာမှုကို ကြည့်မည်ဆိုပါက လူတစု၏ ချမ်းသားမှု အဆင့်အတန်းကိုသာ ကြည့်၍မရကြောင်း၊ အဆင့်အတန်း နိမ့်ကျ သူ များ၊ နေထိုင်မှု အားနည်းသူများကို ကြည့်၍သာ နိုင်ငံက မည်မျှ ဆင်းရဲချမ်းသာသည်ကို သိနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြော ကြားခဲ့ သည်။

ကျောက်ပန်းတောင်းမြေမှ တောင်သူဦးကြီး တဦးဖြစ်သူ ဦးထွန်းလှိုင်က “ဒီဒေသကို လာရောက်ပြီး စ ကားပြောပေးတဲ့ အတွက် အရမ်းအား ရှိပါတယ်။ ဒေါ်စု အသံတွေ၊ ရုပ်တွေကို ရေဒီယိုတို့၊ စာစောင်တို့မှာပဲ ဖတ်ဖူး၊ ကြားဖူးတယ်။ အခု တော့ အပြင်မှာဗိုလ်ချုပ်သမီးကို တွေ့ရတော့ အရမ်း ၀မ်းသာပါတယ်” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကျောက်ပန်းတောင်းတွင် မိန့်ခွန်းပြောကြားပြီး ညောင်ဦးလေဆိပ်သို့ ညနေ ၅ နာရီ လေယာဉ်အမီ သွား ရောက် ကာ ရန်ကုန်သို့ ပြန်သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မကွေးတိုင်း ခရီးစဉ်အတွင်း မြင်ရသမျှ ဒေသခံများ အားလုံးသည် ဒေါ်အောင်ဆန်းစုကြည်ကို အားကိုး၊ ယုံ ကြည် နေကြသည်မှာ ပေါ်လွင်လှသည်။

ထိုဒေသ တလျှောက်ရှိ ပြည်သူများသည် ပဲ၊ နှမ်း သီးနှံများ စိုက်ပျိုးသည့် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ဆောင် နေကြရသူများ ဖြစ်ကြောင်း၊ ယခုနှစ် မိုးခေါင်သဖြင့် ပဲများ၊ နှမ်းများ အထွက်နည်းလျှက်ရှိရာ စီးပွားရေးအတွက် စိုးရိမ်နေကြ သည်ဟု ဒေသခံများက ပြောပြ ကြ သည်။

No comments: