Friday, December 21, 2012

မြန်မာနိုင်ငံ အတွင်း တစ်နေ့တည်း ငလျင်ငယ် လေးကြိမ်လှုပ်

ကော့လီ

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့နယ် အပါအဝင် မြန်မာနိုင်ငံ အတွင်း သုံးနေရာတွင် ယနေ့ တစ်ရက်တည်းမှာပဲ အင်အား မပြင်း ထန်လှတဲ့ ငလျင်ငယ် လေးကြိမ် လှုပ်ခတ်သွားတယ်လို့ သတင်းရရှိပါတယ်။

ငလျင်လှုပ်တုန်းက ကျနော် အိမ်ထဲမှာပဲ ရှိတယ်။ လှုပ်မှန်းသိရုံလောက်ပဲ။ မပြင်းပါဘူး။ အပျက်အ စီး၊ အထိအခိုက်လည်း မရှိပါဘူး။ – လို့ တာ ချီလိတ်မှာ နေထိုင်သူ တစ်ဦးက ကော့လီကို ပြောပြပါတယ်။

ဒီကနေ့တစ်ရက်တည်း (ဒီဇင်ဘာ ၂၀ ရက်) မှာပဲ တာချီလိတ်မြို့နယ်အတွင်း နှစ်ကြိမ်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပထမ တစ်ကြိမ်က တော့ မြန်မာ စံတော်ချိန် နံနက် ၇ နာရီ ၂၄ မိနစ်အချိန်မှာ တာချီလိတ်မြို့ မြောက်ဘက် ၁၃ မိုင် အကွာကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာ စကေး ၄.၆ ဖြင့်တစ်ကြိမ်၊ နံနက် ၉ နာရီ ၁၃ မိနစ် အချိန်မှာ တာချီလိတ်မြို့ အနောက်မြောက်ဘက် မိုင် ၂၀ ကျော် အကွာကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာ စကေး ၃.၃ ဖြင့်တစ်ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင် မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ် အချိန် မန္တလေး တိုင်းဒေသကြီး မိုးကုတ်မြို့အနောက်ဘက် ၂၅ မိုင်ခန့်၊သပိတ်ကျင်းမြို့အနောက်​​မြောက် ဘက် ၅ မိုင်ခန့်ကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာ စကေး ၄.၇ ဖြင့်တစ်ကြိမ်၊ ကယားပြည်နယ် လွိုင်ကော်မြို့ အရှေ့တောင် ဘက် ၁၉ မိုင်ခန့်နေရာကို ဗဟိုပြုပြိး အင်အား ရစ်ခ်ျတာ စကေး ၃.၅ ဖြင့် တစ်ကြိမ် အသီးသီး လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ် မြို့နယ်ထဲမှာရှိတဲ့ တာလေမြို့နယ်ခွဲဟာ ပြီးခဲ့တဲ့ ၂၀၁၁ မတ်လ ၂၄ ရက်နေ့တုန်းက အင်အား ရစ်ခ်ျတာ စကေး ၇.၀ ရှိ င လျင် ဒဏ်ကို အပြင်းအထန် ခံခဲ့ရတဲ့နေရာလည်း ဖြစ်ပါတယ်။

စစ်ကိုင်း ပြတ်ရွေ့ကြော ပေါ်မှာ တည်ရှိတဲ့ ရွှေဘို-သပိတ်ကျင်း ဒေသမှာ နိုဝင်ဘာလဆန်းပိုင်းတုန်းက အင်အား အသင့်အတင့်ရှိတဲ့ င လျင် လှုပ်ပြီးတဲ့နောက်ပိုင်း စစ်ကိုင်း ပြတ်ရွေ့ကြောပေါ်မှာရှိတဲ့ ကချင်ပြည်နယ် အနောက်ပိုင်း၊ စစ်ကိုင်း တိုင်းဒေသကြီး ​မြောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီးထဲက သပိတ်ကျင်း၊ နေပြည်တော်၊ တောင်ငူ စတဲ့ မြို့နယ်များမှာ ငလျင်ငယ်လေးများ ရက်ဆက် ဆိုသလိုပဲ အကြိမ်ပေါင်း ၃၀ ကျော်ခန့် ဆက်တိုက် လှုပ်ခတ်ခဲ့ပြီး သပိတ်ကျင်းဒေသများ အများဆုံး လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်း ပြတ်ရွေ့ကြော ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး သက်ရှိ မြေငလျင် ပြတ်ရွေ့ကြောများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး တောင် မြောက် ကီလိုမီတာ ၁၀၀၀ ကျော် ရှည်လျားကာ ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသ ကြီး၊ ရန်ကုန် တိုင်းဒေသကြီးများကို ဖြတ်သန်းသွားတာ ဖြစ်ပါတယ်။

No comments: