Saturday, December 15, 2012

ဧရာဝတီတိုင်းအတွင်း ပုသိမ်မြို့နယ်တွင် လယ်သိမ်းခံရမှုအများဆုံးဟု ဆို

သန့်စင်ငြိမ်းချမ်း

ဧရာဝတီတိုင်းဒေသကြီး တခုလုံး၌ ပုသိမ်မြို့နယ်တွင် လယ်မြေ သိမ်းဆည်းခံရမှု အများဆုံး ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်လယ် ယာ မြေ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ပြောသည်။

လက်ရှိအချိန်အထိ ကော်မရှင်သို့ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များမှ တိုင်ကြားထားသည့် လယ်ယာမြေ သိမ်းဆည်းခံရသည့် အမှု ပေါင်း ၁၆၆ မှု ရှိနေပြီး ယင်းအနက် ပုသိမ်မြို့နယ်က ၆၂ မှု ဖြင့် အများဆုံး ဖြစ်ကြောင်း၊ ပုသိမ်မြို့နယ် ချောင်းသာနှင့် ရွှေသောင်ယံ မြို့နယ်ခွဲမှ လယ်ယာမြေ သိမ်းဆည်းခံရမှုများကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

“အဓိက ကျနော်တို့ လာတာက ပြည်သူတွေအတွက် အမှန်တရား ဖြစ်စေချင်လို့ လာတာပါ။ အနှစ် ၂၀ လောက် ပြည်သူတွေက ရင်ထဲမှာခံ စားလာခဲ့ကြတဲ့ ဒုက္ခဟာ မသေးပါဘူး။ အခု မြေဈေးတွေ တအားတက်လာတော့ ပိုခံစားရတာပေါ့။ သိမ်းတဲ့လူ ဘက်ကလည်း အခုမှ ထ ဆောက်ပြီး သူတို့ပိုင်တယ်၊ ဘာညာလုပ်တယ်၊ ဆိုတော့ ပဋိပက္ခတွေ ဖြစ်ကုန်တာပေါ့” ဟု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြော သည်။

လယ်ယာမြေ သိမ်းဆည်းခံရမှုတွင် ပုသိမ်မြို့နယ်ပြီးလျှင် ကျောင်းကုန်းမြို့နယ်က ၁၅ မှုဖြင့် ဒုတိယ၊ မြောင်းမြမြို့နယ်က ၁၀ မှုဖြင့် တ တိယ အများဆုံး ဖြစ်ကြောင်းနှင့် အခြားမြို့နယ်များမှာ ကန်ကြီးထောင့်တွင် ၅ မှု၊ သာပေါင်းတွင် ၄ မှု၊ အိမ်မဲတွင် ၃ မှု၊ ၀ါးခယ်မတွင် ၄ မှု၊ ဘိုက လေးတွင် ၄ မှု နှင့် မော်လမြိုင်ကျွန်းတွင် ၅ မှုစသဖြင့် အသီးသီး ရှိနေကြောင်း ကော်မရှင်အဖွဲ့ အဆိုအရ သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးသည် မြန်မာနိုင်ငံတွင် လယ်သိမ်းခံရမှု အများဆုံး တိုင်းဒေသကြီးတခုဖြစ်ပြီး သိမ်းဆည်းခံလယ်မြေဧက သိန်းချီ ရှိ နေသည်ဟု မြေယာသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ဖော်ပြောဆိုထားသည်။

ဧရာဝတီတိုင်းဒေသကြီးသို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွင်းရေးမှူး ဦးသိန်းထွန်းဦးဆောင်ပြီး မအူပင် မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးစိန်ဝင်းနှင့် ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်တို့က အဖွဲ့ဝင် အဖြစ် လိုက်ပါ ဆောင် ရွက်နေ ကြေင်း သိရသည်။

ကော်မရှင်အဖွဲ့သည် ယခုလ ၆ ရက်နေ့က စတင်ကာ ဧရာဝတီတိုင်းဒေသကြီးရှိ လယ်ယာမြေ သိမ်းဆည်းခံရမှုများကို စုံစမ်း စစ်ဆေးနေ ပြီး ကျောင်းကုန်းနှင့် ကန်ကြီးထောင့်မြို့နယ်ရှိ လယ်မြေအသိမ်းခံရမှုများမှာ စစ်ဆေးပြီးစီးပြီ ဖြစ်သည်။

ကော်မရှင်အနေဖြင့် မြေသိမ်းခံခဲ့ရသည့် မူလပိုင်ရှင်၊ လက်ရှိ မြေယာပိုင်ဆိုင်သူဟု ဆိုသည့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များအပြင် စည်ပင်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန စသည့် ဌာနဆိုင်ရာများကိုပါ ဖိတ်ခေါ်၍ အငြင်းပွားမြေယာ နှင့် ပတ်သက်သည်များကို ပြောဆို တင်ပြခွင့် ပေးထားကြောင်း၊ ယင်းတင်ပြချက်များကို ဗီဒီယိုဖိုင်၊ အသံဖိုင်မှတ်တမ်းများ၊ အခင်းဖြစ် မြေယာဓာတ်ပုံမှတ်တမ်းများ ပြုစုကာ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ နှင့်အတူ တင်သွင်းသွားမည် ဖြစ်ကြောင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် ယင်း ဆုံးဖြတ်ချက် များအား အစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေအမှုများ စစ်ဆေးရာတွင် ကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် ကျေနပ်အားရမိပြီး မိမိလယ်ယာမြေများ ပြန်လည် ရရှိ မည် ဟု ယုံကြည်ကြောင်း လယ်မြေများ သိမ်းဆည်းခံထားရသည့် ချောင်းသာကျေးရွာမှ တောင်သူ ဦးတင်မြင့်က ပြောသည်။

“ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို ကျနော် သဘောကျပါတယ်။ သိမ်းခံထားရတဲ့ ကျနော့်လယ်ယာ မြေတွေ ပြန်ရအောင် ကော်မရှင် က လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု သူက ပြောသည်။

ထို့ပြင် စုံစမ်းစစ်ဆေးရေး ကော်မရှင်လာရောက် စစ်ဆေးဆောင်ရွက်သည့်အပေါ် တိုင်းဒေသကြီး လွှတ်တော်အမတ်များကလည်း ကျေ နပ်ဝမ်းမြောက်ကြောင်းနှင့် အမှန်တကယ်နစ်နာသူ ဒေသခံ တောင်သူများဘက်မှ ရပ်တည်သွားမည်ဟု ပြောသည်။

“ကျနော်တို့ ဒေသက စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို တအားမျှော်လင့်နေတာပါ။ ကော်မရှင် အနေနဲ့ ဖြစ်စဉ်အမှန်တွေအကုန်သိသွားမယ် ဆိုတော့ အထူး ၀မ်းသာစရာ ကောင်းတဲ့ ကိစ္စပါ။ ကျနော်တို့ကတော့ တကယ်နစ်နာနေတဲ့ ပြည် သူလူထု အတွက် ရပ်တည်သွားမှာ ပါ”ဟု ပုသိမ်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးအောင်ကျော်စိန်က ပြောသည်။

ကန်ကြီးထောင့်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါ်ခင်စောမူကလည်း ကော်မရှင်အနေဖြင့် ယခုကဲ့သို့ စုံစမ်းပေး သည် ကို ကျေးဇူးတင်ကြောင်း၊ မိမိဒေသမှ တောင်သူများ ၎င်းတို့၏ လယ်ယာများတွင် လုပ်ငန်း ပြန်လည် လုပ်ကိုင်ခွင့် ရမည်ကို ၀မ်းသာ ကြောင်း ပြောဆိုသည်။

စစ်ဆေးရေးကော်မရှင်သည် ပုသိမ်မြို့နယ်၌ စစ်ဆေးပြီးနောက် သာပေါင်း၊ မြောင်းမြ၊ အိမ်မဲ၊ မအူပင်၊ ၀ါးခယ်မ၊ ဘိုကလေးနှင့် မော်လ မြိုင် ကျွန်းမြို့နယ်များသို့ သွားရောက်ကာ လယ်ယာမြေအမှုများကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

No comments: