Friday, December 7, 2012

ဆင်းရဲတွင်းနက်မှုရဲ့ အကျိုးဆက်

တိုင်းကျော်

ပြီးခဲ့တဲ့ နိုဝင် ဘာ ၉ ရက်နေ့က စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာနားမှာ အမှတ် ၈၀၇ ဆီတင်ရထား တိမ်း မှောက်ခဲ့ပြီး လောင် စာဆီ တွေ အနားက လယ်ကွင်းထဲ စီးဝင်သွားခဲ့ပါ တယ်။ နောက်ပိုင်း အဲဒီ လယ်ကွင်းထဲရောက်သွားတဲ့ လောင် စာဆီတွေကို အနီးအနား ကျေးရွာက ရွာသူရွာသား တွေ လာရောက်ခပ်ယူရာကနေ မီးလောင်မှုဖြစ်ပြီး လူ ၂၅ ယောက် အခင်း ဖြစ်တဲ့ နေရာမှာတင် သေဆုံးခဲ့ပါ တယ်။ လူ ၈၀ ကျော်ဒဏ် ရာရပြီး ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံးမှာ တက်ရောက်ကုသခဲ့ရတဲ့ကြေ ကွဲ စရာ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့ ပါတယ်။

ဆေးရုံရောက်ပြီး ဆေးကုသခံနေတဲ့သူတွေထဲက နောက်ထပ် ၂၉ ယောက် သေဆုံးသွားတယ်လို့ ကန့် ဘလူ ဆေးရုံအုပ် ဒေါက်တာ မိုးမြင့်ဝင်းက ပြောပါ တယ်။ နိုဝင်ဘာ ၂၀ ရက်နေ့အထိ စုစုပေါင်း သေဆုံးသူ ၅၄ ယောက်ရှိသွားပြီ ဖြစ်ပါ တယ်။ ဒါကိုကြည့်ရင် မတော်တဆမှု တခုတည်းကြောင့် သေဆုံးရသူ အရေအတွက် အတော်များတာကို သတိပြုမိနိုင်ပါတယ်။ မကြာ သေးခင်က ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေး ကြောင့် သေဆုံးသူ အရေအတွက်ထက် များသလို တကမ္ဘာလုံး အာရုံစိုက်ခဲ့တဲ့ ရခိုင် ပြဿနာ သေ ဆုံးသူ စုစုပေါင်း အရေအတွက်နဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်။ ဒီလို ဘာကြောင့် ဖြစ် ရတာလဲ၊ ဒီဖြစ်ရပ်ကနေ ဘာတွေ သင်ခန်းစာယူနိုင် သလဲ ဆိုတာတွေကို ခုတပတ် ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ရထားလမ်းချော် တိမ်းမှောက်တဲ့အချိန် ချက်ချင်း မီးလောင်မှုဖြစ်တာမျိုးတော့ မရှိသေးပါဘူး။ ဒီအတွက်လည်း အ နီး အနား ကျေးရွာတွေက ရွာသူရွာသား တချို့ လယ်ကွင်းထဲ စီးသွားတဲ့ အောက်တိန်း ဓာတ်ဆီတွေကို လာပြီး ခပ်ယူခဲ့ကြတာ ဖြစ်ပါ တယ်။ နောက်ပိုင်း တဆင့်စကား တဆင့်နားနဲ့ မိန်းမတွေရော ကလေးတွေပါ နေအိမ်တွေမှာ ရှိတဲ့ ပုံးတွေ ခွက်တွေ ယူပြီး လာခပ်ကြတာ လူ ၁၀၀ ကျော်အထိ ဖြစ်လာပါတယ်။ အဲဒီ အချိန်မှာမှ မီးလောင်မှုဖြစ်ပွားပြီး လူအများအပြား သေကျေဒဏ်ရာရကြတာပါ။

ရွာသားတွေ ဆီလာခပ်ကြတဲ့ ပထမဆုံးအချက်ကတော့ ဆင်းရဲကြလို့ ဆိုတာ မငြင်းနိုင်တဲ့ အချက်တ ချက်ဖြစ်ပါတယ်။လယ်ကွင်းထဲကဓာတ် ဆီတွေ ခပ်ပြီး ရတာလေးတွေကို တနေရာရာမှာရောင်းရင် ရတဲ့ အနည်းအများအပေါ် မူတည်ပြီး ကျပ်ငွေ ၅၀၀၀ ကနေ ၁ သောင်းကျော် လောက် ရမယ်လို့ မျှော်မှန်းကြမယ့် ပုံပါပဲ။ ဒါဟာ ၅ ဒေါ်လာကနေ ၁၀ ဒေါ်လာကြား လောက်ပဲ ရှိတဲ့ ငွေပမာဏပါ။ ဒီလောက်တောင်ရချင် မှလည်း ရပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျေးရွာသားတွေအဖို့ ဒီလောက်ငွေ ပမာဏရ အောင် အလုအယက် ဓာတ်ဆီသွား ခပ်ရတာကတော့ ဆင်းရဲလို့ ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။

နောက်တချက်က အသိဥာဏ် ဆင်းရဲတာပါ။ ပြီးခဲ့တဲ့နှစ်က ပါကစ္စတန်မှာ နေတိုး လောင်စာဆီ ယာဉ်တန်းကို တာလီဘန်တွေ တိုက်ခိုက် လို့ ပျက်စီးနေတဲ့ လောင်စာဆီတင်ကားတွေကနေ ဆီခပ်ဖို့ ချဉ်းကပ်သွားတဲ့ ရွာသား အများအပြားဟာ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးဒဏ် ရာရတဲ့ ဖြစ်စဉ်ကြီး ရှိခဲ့ဖူးပါတယ်။ ဒီအကြောင်း ပြည်ပ အသံလွှင့်ဌာနတွေက မြန်မာဘာသာနဲ့ ထုတ်လွှင့်ခဲ့ဖူးသလို ပြည်တွင်း ဂျာနယ် တွေ မှာလည်း သတင်းဖော်ပြခဲ့ဖူးတာကို အဲဒီ ရွာသားတွေ ဖတ်မိကြပုံ မရပါဘူး။ နောက်တချက်ကတော့ နွေရာသီရောက်တိုင်း အစိုးရ သတင်းစာတွေကနေ ဓာတ်ဆီထည့်တဲ့ကိစ္စ သတိထားကြဖို့ နှိုးဆော်ချက်ပါ။ ဒါကိုလည်း ဖတ်မိ သတိထားမိကြပုံ မရပါဘူး။

အခြားတဖက်မှာတော့ ဒီဖြစ်ရပ်အတွက် တာဝန်ရှိတဲ့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနပါ။ နောက်ဆုံးအချိန်အထိ ရထားဌာန တာဝန်ရှိသူ တွေ ထဲက ဘယ်သူကမှ သူတို့ တာဝန်ရှိတယ် ဆိုပြီး ၀န်ခံတာ မတွေ့ရသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အဖြစ်ဆိုးကြီးကတော့ ဖြစ်ပျက်သွားခဲ့ပါပြီ။ ဖြစ်ဖြစ်ချင်းမှာ လူ ၂၅ ယောက်သေဆုံးပြီး ဒဏ်ရာရ ၈၀ ကျော်ကို ဆေးရုံ ၃ ရုံ ခွဲပို့ရပါတယ်။ အဲဒီမှာလည်း နောက်ထပ် ဆင်းရဲမှုတခု ထပ်ကြုံရပြန်ပါတယ်။ ဒီ လူ ၈၀ ကျော်အ တွက် နိစ္စဓူဝ ဆေးကုသ ကုန်ကျစရိတ် အ တော်များပြီး ဆေးရုံတွေမှာကလည်း ဘာမှ မရှိတာမျိုးပါ။ ကန့်ဘလူ ဆေးရုံ တာဝန်ကျ ဆရာဝန် ဒေါက်တာ နန်းရွှေနွယ်ဦးက ဆေးဖိုး ၁ရက် ကုန်ကျစရိတ် ၃၅ သိန်းလောက် ရှိတယ်လို့ အသေးစိတ် စာရင်းဇယားတွေနဲ့ ပြောပါတယ်။ ဒီ ကုန်ကျငွေတွေကို ဘယ်က ရမှာပါလဲ။ ဒီကိစ္စ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ဖြေရှင်းမပေးသလို နယ်မြေခံ အာဏာပိုင်တွေ ကလည်း သူတို့နဲ့ မဆိုင်သလို နေကြပါတယ်။ လူမှု ရေးစိတ်ရှိတဲ့ ကူညီသူတွေကသာ ရသမျှ ငွေကြေးစုဆောင်းပြီး အလှူငွေတွေနဲ့ ကုသ ကြရတာ ဖြစ်ပါတယ်။ ဒီကြားထဲ ငလျင်ဘေးဒဏ်က လည်း ပေါ်လာတဲ့အတွက် ပရဟိတ အသင်းတွေကလည်း ဒီ မီးလောင်မှုကြောင့် ဒဏ်ရာရသူတွေဘက်ကို မလှည့်နိုင် တော့ပါဘူး။ နောက်ဆုံး မပြီးဆုံးသေးတဲ့ စာရင်းတွေအရ နောက်ထပ် လူနာ ၂၉ ယောက် သေဆုံးခဲ့ ပြီး စုစုပေါင်း သေဆုံးသူစာရင်း ကြောက်ခမန်းလိလိ တိုးလာတာ ဖြစ်ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ရရင် စစ်အာဏာရှင် အဆက်ဆက် ဖန်တီးခဲ့တဲ့ ဆိုးမွေအဖြစ် ဆင်းရဲမွဲတေမှုကိုသာ အပြစ်ပုံချရမှာ ဖြစ်ပါတယ်။ ဒီ ဖြစ် ရပ်မှာ ပြည်သူတွေ ရုပ်ဝတ္တု ဆင်းရဲတာ၊ အသိဥာဏ် ဆင်းရဲတာ၊ တာဝန်မဲ့တဲ့ မီးရထားဌာနလည်း ဆင်းရဲလို့ လမ်းတွေကို ပြုပြင် ထိန်းသိမ်းမှု ကောင်းကောင်း မလုပ်နိုင်တာ၊ လုံခြုံစိတ်ချရတဲ့ ဆီတင်တွဲတွေ မသုံးနိုင်တာ၊ ကျန်းမာရေး ၀န်ကြီးဌာနနဲ့ ဆေးရုံတွေ ဆင်းရဲ တာ စတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအတွက် တိုင်းပြည်ကို ကောင်းအောင် တည်ဆောက်ပြီးတိုင်းပြည်နဲ့ပြည်သူတွေရုပ်ဝတ္တုအရရော အသိဥာဏ်ပညာ အ ရပါ ချမ်းသာလာပါမှ ဒီလို အဖြစ်ဆိုးမျိုး ရှောင်ရှားနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

No comments: