Saturday, December 8, 2012

ကျိုင်းတုံမြို့ SNLD ဗဟိုကော်မတီရုံးခွဲအား ခွန်ထွန်းဦးတက် ရောက်ဖွင့်လှစ်

သျှမ်းသံတော်ဆင့်

သံလွင်အရှေ့ခြမ်း ကျိုင်းတုံမြို့၌ ယနေ့မနက်ပိုင်းက ကျင်းပသော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ ရုံးခွဲဖွင့်ပွဲ အား ဥက္ကဌကြီး ခွန်ထွန်းဦး တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။

“ဒီမနက် ကျနော်တို့ဥက္ကဌ ကြီးနဲ့ ရန်ကုန်ရုံးချုပ်က လူတွေ ကျိုင်းတုံကို မနက် ၁၀ နာရီခွဲလောက်ရောက်လာတယ်။ ၁၁ နာရီ လောက်မှာ ဥက္ကဌကြီးခွန်ထွန်းဦးက ဗဟိုကော်မတီရုံးခွဲဖွင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးတယ်” - ဟု ကျိုင်းတုံသား စိုင်းတစ် ကပြောပါသည်။

ယနေ့နံနက်ပိုင်း၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ခွန်ထွန်းဦး နှင့် အဖွဲ့ ကျိုင်းတုံလေဆိပ်သို့ ရောက် ရှိရာ ကျိုင်းတုံဒေသခံ သျှမ်းလူမှုအဖွဲ့အစည်းများ၊ ကျားဖြူပါတီမှ ပုဂ္ဂိုလ်များ၊ လားဟူ၊ အင် စသည့် ဒေသခံ တိုင်းရင်းသား များ စုပေါင်းအင်အား ၄၀၀ ခန့်က လေဆိပ်၌ စောင့်ကြိုခဲ့ကြကြောင်း စိုင်းဆိုင်က ပြောပါသည်။

“ကျနော်တို့ ကျိုင်းတုံကိုရောက်လာတာ ကျိုင်းတုံသူ ကျိုင်းတုံသားတွေက အင်အားရာဂဏန်းနဲ့ ကြိုဆိုတော့ ဝမ်းမြောက် ဂုဏ်ယူ ပါတယ်။ ကျနော်တို့အနေနဲ့တော့ ထိထိရောက်ရောက် အလုပ်လုပ်နိုင်ဖို့ ဗဟိုကော်မတီ ရုံးခွဲကို ၁။ ကျိုင်းတုံ၊ ၂။ တောင်ကြီး၊ ၃။ လားရှိုး နဲ့ ၄။ မန္တလေးတွေမှာဖွင့်သွားဖို့ရှိတယ်” - ဟု SNLD ပြောခွင့်ရ စိုင်းလိတ်ကပြောပါသည်။

လက်ရှိ ကျိုင်းတုံမြို့ SNLD ဗဟိုကော်မတီရုံးခွဲအား ကျိုင်းတုံမြို့နယ် SNLD ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်ထားသူ စဝ်ဆုလဖွန်း နေ အိမ်၌ ယာယီဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ အတွင်းရေးမှူးမှာမူ စိုင်းဆမ်တစ် ကျိုင်းလန်းက တာဝန်ယူကြောင်းကြား သိရပါသည်။

ကျိုင်းတုံမြို့ရောက်ရှိနေသော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ ဥက္ကဌ ခွန်ထွန်းဦးမှာမူ - အလျဉ်းသင့်ပါက တာချီလိတ် မိုင်းလား ဆီလူး ဘက် ခရီးဆက်ဖွယ်ရှိကြောင်း၊ မည်သို့ပင်ဆိုစေ ပြည်တွင်းပြည်ပ အနယ်နယ်အရပ်မှ သျှမ်းများစုပေါင်း ကျင်းပ မည့် ၂၁၀၇ နှစ်သစ်ကြို ဆိုပွဲ စာပေဟောပြောပွဲအခမ်းအနားအားတက်ရောက်ရန် ပွဲဖြစ်မြောက်ရေးကော်မတီဖြစ်သည့် ကျိုင်းတုံသျှမ်း စာပေယဉ်ကျေးမှုအဖွဲ့နှင့် ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ ဖိတ်စာပို့ထားသောကြောင့် ကျိုင်းတုံမြို့၌ ဒီဇင်ဘာ ၁၂ ရက် နှစ်ကြိုဆိုပွဲ ဖွင့်ပွဲတက်ရောက် ဖွင့် လှစ် မည်ဖြစ်ကြောင်း ကြားသိရပါသည်။

No comments: