Thursday, January 30, 2014

ချေးငွေဆိုင်ရာ အာမခံကော်ပိုရေးရှင်း တည်ထောင်မည်

သိုက်ဇင်

စီးပွားရေးလုပ်ငန်းရှင်တွေ ဘဏ်ချေးငွေ ပိုလွယ်ကူစေဖို့ မြန်မာ့အာမခံလုပ်ငန်းက ချေးငွေဆိုင်ရာ အာမခံကော်ပိုရေးရှင်း တည်ထောင်ဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိပိုင် အခြေပြ ပစ္စည်းကို အပေါင်သဘောထားပြီး ချေးငွေထုတ်ယူရပြီး ပစ္စည်းတန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းပဲ ချေးငွေ ရရှိတာပါ။

ဒါပေမယ့် အခုလုပ်မယ့် အစီအစဉ်ကတော့ အပေါင်ထားစရာ မလိုတော့ဘဲ ချေးငွေဆိုင်ရာ အာမခံစနစ်ကို ရယူထားရုံနဲ့ လိုအပ်တဲ့ချေးငွေကို ဘဏ်ကတဆင့် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

ချေးငွေရယူလိုတဲ့ လုပ်ငန်းရှင်အနေနဲ့ ချေးငွေဆိုင်ရာ အာမခံစနစ်ကို ရရှိဖို့အတွက် အာမခံလုပ်ငန်းက သတ်မှတ်တဲ့ စစ်ဆေးမှုတွေကို ခံယူဖို့လိုတဲ့အကြောင်း နည်းပညာ အကူအညီပေးနေတဲ့ ဂျာမန်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းက ဘဏ်လုပ်ငန်းရှင်ပညာရှင် ဦးစံသိန်းက ဒီဗွီဘီကို ပြောပါတယ်။

“သူကလည်း စစ်ဆေးဦးမှာ။ မင်းလုပ်ငန်းက တကယ်ဟုတ်လား၊ မင်းက တကယ်ပဲ ကျွမ်းကျွမ်းကျင်ကျင် စီမံခန့်ခွဲနိုင်မလား၊ ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ လုပ်ငန်းဖြစ်မလား၊ အရှည်သဖြင့် ကောင်းတဲ့ လုပ်ငန်းဖြစ်မလား၊ သူက စစ်ဆေးဦးမယ်။ စစ်ဆေးပြီးတော့မှ မင်းကို ကောင်းပြီဆိုပြီးတော့မှ အာမခံချက်ပေးမယ်။ အဲဒီအတွက် မင်းက ပိုက်ဆံပေးရမယ်။ မင်းက အသက်အာမခံ ၀ယ်သလိုပေါ့ကွာ။”


ချေးငွေဆိုင်ရာ အာမခံစနစ် ရှိလာရင် ဘဏ်အနေနဲ့လည်း ဆုံးရှုံးနိုင်မှုအန္တရာယ် လျော့နည်းစေမှာ ဖြစ်တဲ့အပြင် လာမယ့် ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၁၄-၁၅ ခုနှစ် ဧပြီလဆန်းမှာ ဒီစနစ်ကို စတင်ဖို့အတွက် အသေးစားနဲ့ အလတ်စားစက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်ကို ရွေးချယ် ထားတယ်လို့ ဦးစံသိန်းက ပြောပါတယ်။

“ဧပြီလ စမယ်။ ဘယ် ဘဏ် ဖြစ်မလဲဆိုရင် အသေးစားနဲ့ အလတ်စား စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ် (SMIDB) ဘဏ်ပဲ။ ဥပမာ – မင်းက ငွေချေးမယ်၊ မင်းလုပ်ငန်းက သိပ်ကောင်းတယ်ကွာ၊ ငါတို့ကလည်း ချေးချင်တယ်ဆိုရင် ဘာလုပ်မလဲ မင်းကို ခရက်ဒစ် အာမခံ ချက်ကိုသွားပါ။ သွားပြီးတော့ အာမခံချက်ကို ၀ယ်လိုက်ပါပေါ့။ ၀ယ်လိုက်တယ်ဆိုရင် တကယ်လို့ မင်းက ပြန်မပေးဘူးဆိုရင် ဘဏ်က ၅၀ ရာခိုင်နှုန်း ကျခံမယ်ကွာ။ မင်းက ၁၀၀ လုံးလုံးမပေးနိုင်ဘူး ဆုံးသွားတယ်ဆိုရင် ၁၀၀ လုံးလုံး ဘဏ်က မခံ ဘူးပေါ့ကွာ။ ခရက်ဒစ် အာမခံချက်က ၅၀ ရာခိုင်နှုန်းခံပေးတယ်။”

ကမ္ဘောဇဘဏ်ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ဒီအစီအစဉ်ဟာ ပြည်တွင်းမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေကို ပိုမိုများပြားလာစေမယ်လို့ ပြောပါတယ်။

“အဲဒါထောင်ပြီးလို့ ရှိရင်တော့ စိတ်ချရတဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (အက်စ်အမ်အီး) တွေကို သူက ထောက်ခံပေးမှာကိုး။ ဒါက ကိုယ့်နိုင်ငံမှာ ရှိတဲ့ အက်စ်အမ်အီး တွေ အများကြီး ပွားလာမှာပေါ့။ ဒါပေမယ့် အက်စ်အမ်အီး ဥပဒေ မထွက်လာသေးဘူး။ အက်စ်အမ်အီး ဥပဒေလည်း ထွက်လာရမှာကိုး။ အက်စ်အမ်အီး ဥပဒေက လွှတ်တော်ကို ရောက်နေပြီနဲ့တူတယ်။”

ချေးငွေယူတဲ့လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းခွင်မှာ အမှန်တကယ် အသုံးပြု မပြုဆိုတာကို ဘဏ်အနေနဲ့ စောင့်ကြည့်မှာဖြစ်ပါတယ်။

ချေးငွေအပေါ် အတိုးနှုန်းက သာမန်ချေးငွေအတွက်ဆိုရင် ၁၃ ရာခိုင်နှုန်းရှိပြီး အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေအတွက်ကတော့ ၈ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ ကာလအားဖြင့်လည်း ၃ နှစ်ကနေ ၅ နှစ်အထိ ထုတ်ချေးမယ်လို့ ဆိုပါတယ်။

No comments: