Friday, January 31, 2014

ပစ်ခတ်ရပ်ကာလ လက်နက်ကြီး လေ့ကျင့်ပစ်ခတ်ခြင်း ခြိမ်းခြောက်မှုဟု KNPP ပြော

စူးမယ်

ကယားပြည်နယ်အတွင်းရှိ အမှတ်(၁၄)တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ သင်တန်းသားများသည် ဒီးမော့ဆိုမြို့နယ် ဒေါသမကြီး ကျေးရွာအနီးတွင် ပြီးခဲ့တဲ့ ဇန်န၀ါရီ လ ၁၉ ရက်နေ့မှ စ၍ လက်နက်ကြီး အလုံးတစ်ရာကျော် လေ့ကျင့် ပစ်ခတ်သည်ဟု သိရသည်။

ယခုလို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့်အစိုးရတို့မှ အပစ်ခတ်ရပ်စဲရေး လုပ်ထားသည့် ကာလတွင် စစ်ရေးလေ့ကျင့်ခြင်းသည် မလိုအပ်တော့ကြောင်းနှင့် ၄င်းကဲ့သို့ လေ့ကျင့်ခြင်းအပေါ် ခြိမ်းခြောက်မှုတခုအဖြစ် မြင်မိကြောင်း KNPP မှ အမှတ် ၁ ခရိုင်အုပ်ချုပ်ရေးမှူး ဖိုးရယ် က ကန္တာရ၀တီတိုင်းမ် သို့ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူး ဖိုးရယ်က “သဘောတူထားတုန်းက တပ်စခန်းငယ်တွေကို ရွေ့ပြောင်းပေးရမယ် ဆိုတာရှိတယ်။ ပြန်ဆုတ်ရမယ် ရုတ်ရမယ်ဆိုတာရှိပါတယ်။ ထီးဖိုးကလိုးစခန်းတို့ ဒေါတမကြီးစခန်းတို့ အဲလိုမျိုး စခန်းငယ်တွေပေါ့။ အဲဒီမှာ ဒေါဆိုရှလည်းပါတယ် ဒါပေမယ့် သူတို့မဆုတ်ဘူး။ ခုတော့ ပစ်တာတွေကိုထပ်လေ့ကျင့်တော့ ကျနော်တို့ကို ခြိမ်းခြောက်တဲ့သဘောပဲပေါ့” ဟု ဆိုသည်။

အမှတ် (၁၄)လေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းသား ၂၀၀၀ ကျော်ရှိရာ လက်နက်ကြီးအစမ်းလေ့ကျင့်ရန် ဒေါတမကြီး အုပ်စုတွင် သင်တန်းသား အယောက် တစ်ထောင်ကျော် (တပ်ရင်းအဖြစ် ၁၂ တပ်ရင်း) လာရောက်လေ့ကျင့်နေသည်ဟု အဆိုပါကင်းစောင့်တပ်သားထံမှ ထပ်မံသိရသည်။

လက်နက်ကြီးလေ့ကျင့်ပစ်ခတ်မည့်ရက်ကို ဇန်န၀ါရီ လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ သတ်မှတ်ထားပြီး ၂၃ ရက်တွင် ပြန်လည်ဆုတ်ခွာမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဖိုးရယ်ကပြောသည်။

ဒေါတမကြီး ရွာအနီးတွင် လက်နက်ကြီးပစ်ခတ်လေ့ကျင့်ကြသောကြောင့် ဒေသခံများမှာ တောင်ယာသို့ မသွားရဲကြတော့ပဲ အိမ်မှာနားနေရကြောင်းနှင့် တောင်ယာထဲသို့ သွားပြီးသူများကို ပြန်ခေါ်လာကြကြောင်း ဒေါညေးခူရွာမှ ပိုးရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

လက်နက်ကြီးပစ်ခတ်လေ့ကျင့်နေစဉ်တပတ်အတွင်း ဒေသခံများလှုံခြုံရေးအတွက် ကျေးရွာများသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ဒေသခံ များ ၊တောင်ယာအလုပ် လုပ်ကိုင်သူများနှင့် တောလည်နေသူများကို ကြိုတင်သတိပေးတာမြစ်မှုများပြုလုပ်ထားကြောင်း ဒေါတမကြီးသို့သွားသောလမ်းတွင် ကင်းစောင့်နေသော တပ်သားတဦးထံမှသိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ တွင်ပြုလုပ်ခဲ့သော တတိယအကြိမ်းပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရဖက်နှင့် တပ်ကိစ္စများကို သဘောတူလက်မှတ်ထိုး နိုင်ခဲ့ခြင်းမရှိသေးသော်လည်း နှုတ်ကတိဖြင့် တပ်လျှော့ချရေးအား သဘောတူညီခဲ့သည်ဟု ခရိုင်ခရိုင်အုပ်ချုပ်ရေးမှူး ကဆိုသည်။

ကယား(ကရင်နီ) ပြည်သူများအနေ ဖြင့် အပစ်ခတ်ရပ်စဲနေစဉ်ကာလအတွင် အစိုးရဖက်မှ လက်နက်ကြီးလာလေ့ကျင့်ခြင်း၊ ကို မလိုလားကြောင်းနှင့် ထိုသို့လေ့ကျင့်ခြင်းကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပျယ်ပြီး ယခင်ကဲ့သို့ ပစ်ခတ်မှုများပြန်လည် ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံတစ်ဦးဖြစ်သည့် နဲရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

No comments: