Friday, January 31, 2014

ဧရာဝတီမြစ်ရေနည်းပါးမှု ဆည်မြောင်း၊ တာတမံများ ဆောက်လုပ်ခြင်းနှင့် မသက်ဆိုင်ဟု ဆည်မြောင်း ဒု-၀န်ကြီးဟောင်း ပြော

ယုဝေ၊ ဇာနည်အောင်

ယခုနောက်ပိုင်းနှစ်များတွင် ဧရာဝတီမြစ်အတွင်း သိသာထင်ရှားစွာ ရေနည်းပါးလာခြင်းသည် မြစ်ပေါ် တည်ဆောက်ထားသည့် တာတမံ၊ ဆည်များနှင့် သက်ဆိုင်မှုမရှိဟု ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န် ကြီး (ငြိမ်း) ဦးအုန်းမြင့်က ဇန်န၀ါရီ ၂၈ ရက်တွင် ပြောသည်။

ရန်ကုန်မြို့ YMCA ခန်းမတွင် ပြုလုပ်သည့် ဆည်မြောင်း၊ တမံနှင့် မြစ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“တာတမံတွေ ဆည်မြောင်းတွေက ဧရာဝတီမြစ်ရေနည်းပါးလာမှုနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ အဓိက ရေနည်းပါးစေတာက သစ်တောတွေ ပြုန်းတီးလာတာကြောင့်ပါ”ဟု မဇ္ဈိမကို ပြောသည်။

ဧရာဝတီမြစ်ရေ နည်းပါးလာမှုအတွက် ရေတိုစီမံကိန်းအနေဖြင့် ချင်းတွင်းမြစ်တွင် ထမံသီရေလှောင်တမံကို တည်ဆောက်ကာ မိုးရာသီကုန်ဆုံးချိန်တွင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အတွင်း ရေလွှတ်ပေးသင့် ပြီး ရေရှည်စီမံကိန်းအနေဖြင့် သစ်တောများ ပြန်လည်စိုက်ပျိုးသင့်သည်ဟု ဦးအုန်းမြင့်က အကြုံပြု သည်။

ရေတို၊ ရေရှည်စီမံကိန်းအဖြစ် ရေဝေရေလဲဧရိယာ ၁၅၆,၁၀၀ စတုရန်းမိုင်တွင် သစ်တောများပြန်လည် စိုက်ပျိုးရန်နှင့် ထိန်းသိမ်းခြင်းတို့ကို လုပ်ဆောင်သင့်သည်ဟုလည်း ၎င်းက ဆိုသည်။

ဧရာဝတီမြစ်ရေ စီးဆင်းနှုန်းနည်းပါးလာမှုနှင့်ပတ်သက်၍ ရေနှင့်ပတ်သက်သည့် ကျွမ်းကျင်ပညာရှင် ဦးချိုချိုက “ဧရာဝတီမြစ်အတွင်း ရေနည်းပါးနေတယ်ဆိုပေမယ့် တချို့တွေ ပူပန်နေသလိုမျိုး လုံးဝကော သွားတဲ့ အခြေအနေမျိုးကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ အရင်အတိုင်း ပြန်လည်ရရှိဖို့အတွက်ဆိုရင် လူ အား၊ ငွေအား အားလုံး လိုအပ်ပါတယ်။ မြစ်တစ်စင်းကို အရင်အတိုင်း ပြန်လည်ကောင်းမွန်စွာ ရရှိနိုင်ဖို့ အတွက်ဆိုရင် နှစ်ပေါင်းရာစုချီပြီး ကြာမြင့်ပါမယ်။ ဆယ်စုနှစ်တောင် မဟုတ်ပါဘူး”ဟု ပြောသည်။

လက်ရှိတွင် ဧရာဝတီမြစ်ဝှမ်းအတွင်း အရွယ်အစားအမျိုးမျိုးရှိသည့် ရေလှောင်တာတမံပေါင်း ၁၃၀ကျော် နှင့် ရေလှောင်ဧကပေ ၁၀ သန်းကျော် ရှိနေသည်။

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဘူမိဗေဒဌာန၏ အချိန်ပိုင်းပါမောက္ခ (ငြိမ်း) ဦးမောင်မောင်အေးကလည်း “နှစ်ပေါင်းတစ်ရာအတွင်း မြစ်ရေနည်းပါလာတာ အရမ်းကို သိသာထင်ရှားလာပါတယ်။ ဒါပေမဲ့ သက် ဆိုင်ရာကနေ တာဝန်ယူတယ်ဆိုတာက လုံးဝမရှိသလောက်ကို နည်းပါးနေပါတယ်”ဟု ဆိုသည်။

ဧရာဝတီမြစ်သည် မေခမြစ်နှင့် မလိခမြစ်တို့ဆုံရာ မြစ်အစပိုင်းမှ ဧရာဝတီမြစ် အဆုံးထိ မိုင်ပေါင်း ၁၃၅၀ ရှည်လျားသည်။

No comments: