Friday, January 31, 2014

တရုတ်နှင့် ပေါင်းပြီး သစ်ခိုးထုတ်သည့် အဖွဲ့ကို ဖမ်းဆီးနိုင်ခဲ့ဟုဆို

မောင်သင်တုန်း

သစ်ခိုးထုတ်မှုများကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်ရာ တရုတ်နိုင်ငံသားအချို့ ပူးပေါင်း ပါဝင်သော သစ်ခိုးထုတ်သည့်အဖွဲ့ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောသည်။

ပြီးခဲ့သည့်နှစ်လအတွင်း တိုင်းနှင့်ပြည်နယ်သုံးခုအတွင်း ကျွန်းသစ်အပါအ၀င် သစ်မျိုးစုံ တန်ချိန်သုံး ထောင်ကျော်ကို ယာဉ်ကြီးယာဉ်ငယ် ကား ၈၉ စီးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

တရုတ်နိုင်ငံသားအချို့ပါဝင်သည့်အဖွဲ့သည် တရားမ၀င်သစ်ခုတ်လှဲလေ့ရှိကြောင်း သတင်းရရှိပြီး ၀န်ကြီးဌာနအစီအစဉ်ဖြင့် ဖမ်းဆီးဆောင်ရွက်ခဲ့ရာတွင် ကျောက်မဲခရိုင်နှင့် ပြင်ဦးလွင်ခရိုင်များတွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု ထုက်ပြန်ချက်တွင် ဖော်ပြထားသည်။

“လစဉ်ဖမ်းဆီးတဲ့စီမံချက်တွေရှိတယ်။လျှပ်တစ်ပြက်ဖမ်းဆီးတဲ့စီမံချက်တွေလည်းရှိတယ်။ သတင်းရရှိလို့ ဖမ်းဆီးတာလည်း ရှိတယ်၊ ဒေသခံများက တိုင်ကြားတဲ့အတွက် ချက်ချင်းအရေးယူဆောင်ရွက်တာ လည်းရှိတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးဇော်ဝင်းက ပြောသည်။

အဖိုးတန်သစ်များကို ဒေသလုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အားနည်းမှုနှင့် အကန့်အသတ် အခြေ အနေများကို အခွင့်ကောင်းယူကာ တစ်ဖက်နိုင်ငံသားများနှင့် ပူးပေါင်းပြီး တရားမ၀င်ခိုးထုတ်ရာတွင် တရားမ၀င် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကူအညီများဖြင့် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

တရားမ၀င် သစ်ခိုးထုတ်မှုများ ဆောင်ရွက်ရာတွင် ဒေသခံအကူအညီများ အပါအ၀င် လုံခြုံရေးကိုလည်း ဒေသအလိုက် ရဲဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပြီးလုပ်ဆောင်သည်ဟု ဆိုသည်။ ဒေသခံများ၏ သတင်းအချက်အလက်ပေးမှုပေါ်မူတည်ပြီး နေရာဒေသအလိုက် ချက်ချင်းဖမ်းဆီးခြင်းများလည်း ဆောင် ရွက်နေပြီဟု ဦးဇော်ဝင်းက ပြောသည်။

မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း ပူးပေါင်းဖမ်းဆီးရေးအဖွဲ့သည် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ စကား ၀ါ၊ သစ်ရာ၊ အင်ကြင်း စသည့် သစ်များအပါအ၀င် တန်ချိန် ၃၂၄၃ ဒသမ ၂၈၆၃ ရှာဖွေဖော်ထုတ်နိုင်ခဲ့ သည်ဟု ဆိုသည်။

စီမံချက်များဖြင့် ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၁၉ ရက်အတွင်း သစ်လုံးခွဲသား စုစုပေါင်း ၇၂၈ တန်ကျော် ဖမ်းဆီးမိခဲ့ပြီး မန္တလေး-မူဆယ် ကားလမ်းပေါ်တွင် ယာဉ်ကြီး၊ ယာဉ်ငယ် ကားအစီး ၇၀ ပေါ်တွင် သယ်ဆောင်လာသော ၁၂၅ ဒသမ၁၂ တန်နှင့် မန်စီမြို့နယ်၊ နန်းဟန်ကျေးရွာ အနီးတွင် ၉၂၈ တန်နှင့် ကရိန်းယာဉ် ငါးစီးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်မှ ခြောက်ရက်တာကာလအတွင်း ပိတောက် နှင့် တမလန်းသစ် စုစုပေါင်း ၁၅၈၇ တန် နှင့် သစ်တင်ယာဉ် ၁၄ စီး၊ လက်ကိုင်လွှစက် ငါးလုံး၊ သစ်ခွဲအင်ဂျင်နှစ်လုံးကို ရှာဖွေဖော် ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

တစ်ဖက်နိုင်ငံသို့ တရားမ၀င်သယ်ဆောင် တင်ပို့မည် အဖိုးတန်သစ်များထပ်မံပြီး ရှာဖွေဖော်ထုတ် ဖမ်း ဆီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံကိုလည်း သစ်မှောင်ခိုဝယ်ယူနေသူများအား အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးသည်ဟု ဦးဇော်ဝင်းက ပြောသည်။

No comments: