Tuesday, January 28, 2014

တပ်ပိုင်မြေ ဟုဆိုကာ မီးပုံပျံကွင်း၌ ဒေါ်စုအား ဟောပြောခွင့် မပြု

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း

တာင်ကြီးမြို့ရှိ အဝေရာ မီးပုံးပျံကွင်းသည် တပ်ပိုင်မြေ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ဟောပြောပွဲ ကျင်းပခွင့် မပြုဟု သျှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး မှ တရား ဝင်စာ ထုတ်ပြန်ကြောင်း ခရိုင်ဥက္ကဌ ဦးတင်မောင်တိုးက ပြောသည်။

သျှမ်းပြည်နယ် ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ သုံးရက်တာခရီးစဉ် နောက်ဆုံးနေ့ ဂျန္နဝါရီလ ၂၆ ရက်နေ့ တွင် တောင်ကြီးမြို့ မီးပုံပျံပွဲကျင်းပသည့်ကွင်း၌ ​ဟောပြောပွဲပြုလုပ်ရန် ခွင့်ပြုချက် တောင်းခံခဲ့ရာ ငြင်းပယ်ခံရခြင်းဖြစ်ကြောင်း ဆိုပါသည်။

“ဒါကတော့ ရုပ်ဆိုးလွန်းပါတယ်။ ထမနဲပွဲတွေ ဘာတွေ ကျတော့ ကျင်းပနေကြပြီး ဒေါ်စုရဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရှင်းလင်းပွဲ ကိုကျတော့ ခွင့်မပြုဘူးဆိုတော့ သူတို့ က၂၀၀၈ အခြေခံဥပဒေကို မပြင်ချင်ဘူးလို့ထင်ပါတယ် ” ဟု ခရိုင်ဥက္ကဌက ပြောသည်။

“ ပေးလုပ်သင့်တာပေါ့ဗျာ ။ တောင်ကြီးမှာ တခြားလုပ်စရာ ကွင်းမှမရှိဘဲ။ ဘောလုံးကွင်းကလည်း ကမ္ဘောဇအသင်းက ယူထားတယ်။ ဒီကွင်းကို မြို့ခံ လူထုအားလုံးက အများပိုင်ကွင်း အဖြစ်သတ်မှတ် ထား တာလေ။ အခုမှ တပ်ပိုင်ကွင်းဆိုတော့ စစ်တပ်အနေနဲ့ ဘာအကြောင်းပြချက်နဲ့ဘယ်တုန်းက သိမ်း ထားတယ်ဆိုတာကို တရားဝင် ထုတ်ဖော်ပြောပြသင့်ပါတယ်” ဟု တောင်ကြီးမြို့ခံ ကိုလူခဲ ကပြောသည်။

အဝေရာမီးပုံးပျံကွင်းတွင် ဟောပြောခွင့်မရသော်လည်း ကွင်းအနီးရှိ လမ်းမပေါ်တွင် ကားတစီး၌ စင် ဆောက်ကာ မီးစက်နိုး၍ မိန့်ခွန်းပြောကြားခဲ့သည်။ ကွင်းတွင်ဟောပြောခွင့်မရခြင်းနှင့်ပတ်သက်၍ ဒေါ်စုက ‘ ကွင်းရရှိခြင်း မရရှိခြင်း နဲ့ပတ်သက်ပြီး ကျမ ဘာအာဃာသမှ မထားပါဘူး။ ရတဲ့နေရာမှာ လုပ်မှာပဲ ’ ဟုပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သျှမ်းပြည်နယ် ခရီးစဉ်မှာ ဂျန္နဝါရီလ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ နမ့်စန်၊ မိုးနဲ၊ လင်းခေး၊ တောင်ကြီး မြို့များတွင် ဟောပြောပွဲများပြုလုပ်ခဲ့ပြီး ၂၆ ရက်နေ့ ညနေ ၆ နာရီချိန်တွင် လွှတ်တော်အစည်းအဝေးတက်ရောက်ရန် နေပြည်တော်သို့ထွက်ခွာခဲ့ပါသည်။

No comments: