Wednesday, January 29, 2014

အမ်းမြို့ရှိ တရုတ်ကုမ္ပဏီမီးရှို့ရာတွင် ပါဝင်သူဟု သံသယရှိသူ ၁၁ ဦးကို စစ်ဆေး

ကေဇူး

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖောက်လုပ်သည့် တရုတ်ဆောက်လုပ်ရေး ကုမ္ပဏီ CNPC ကို မီးရှို့သည့် မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးစစ်ဆေးနေသည်ဟု အမ်းမြို့နယ် ရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်မှူးတစ်ဦးက ဇန်န၀ါရီ ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

အမ်းမြို့နယ်၊ ဆင်ကုန်တိုင်ရွာရှိ SEAGP ဆောက်လုပ်ရေးကုမ္ပဏီမှ တရုတ်အမျိုးသားတစ်ဦးက အိမ်အ ပေါ်ထပ်မှနေ၍ မြန်မာလုပ်သားတစ်ဦးအပေါ်သို့ အပေါ့စွန့်ချသည်ဟုဆိုကာ နှစ်ဖက် အချင်းများခဲ့ပြီး ည ၁၂ နာရီခန့်တွင် မြန်မာအလုပ်သမားများက မီးရှို့ခဲ့ခြင်းဖြစ်သည်။

အမ်းမြို့နယ်ရှိ CNPC ကုမ္ပဏီလက်အောက်ခံ SEAGP ရေနံပိုက်လိုင်းကုမ္ပဏီတွင် ဇန်န၀ါရီ ၂၆ ရက်က မြန်မာအလုပ်သမားများနှင့် တရုတ်အလုပ်သမားများ အချင်းများမှုဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး SEAGP မှ လက်ထောက်မန်နေဂျာ Mr Zhong က “အပေါ့စွန့်ချတာဆိုတာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ခင်း ထားတဲ့ကြမ်းပြင် အင်္ဂတေတွေသာဖြစ်တယ်။ ဒီလိုရေယိုစိမ့်မှုဖြစ်မယ်ဆိုရင် မိုးရာသီမှာ နေလို့မရပါဘူး” ဟု ဇန်န၀ါရီ ၂၈ ရက် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် သတင်းထောက်များသို့ ပြောသည်။

“ဒီကိစ္စကို တချို့က ပြဿနာအသေးကို အကြီးဖြစ်အောင် မမှန်မကန်သတင်းပေးပြီး မြန်မာ-တရုတ်ပိုက် လိုင်းတည်ဆောက်မှုကို ထိခိုက်အောင် လုပ်တာလည်းရှိပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

အမ်းမြို့နယ် တရုတ်ဆောက်လုပ်ရေးကုမ္ပဏီတွင် Mr Zhong ၏ ပြောဆိုချက်အရ တရုတ်အလုပ်သမား ၇၉ ဦးနှင့် ရခိုင်၊ ချင်း၊ ဗမာ စသော မြန်မာတိုင်းရင်းသား ၁၅၀ ခန့် အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု ဆို သည်။

လက်ရှိတွင် အဆိုပါကုမ္ပဏီအနေဖြင့် ဆက်လက် လည်ပတ်လျှက်ရှိပြီး သက်ဆိုင်ရာ ရဲဌာနမှ စစ်ဆေး လျက်ရှိသော အလုပ်သမားများမှအပ မြန်မာ၊ တရုတ် အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်တွင် ပြန် လည် အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

“ဖြစ်တဲ့ကိစ္စက ၀န်ထမ်းတွေအနေနဲ့ အရက်အလွန်အကျွံ သောက်သုံးထားလို့ ဖြစ်တာပါ”ဟု Mr Zhong က ပြောသည်။

အဆိုပါအလုပ်သမားများသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပန်းရံနှင့် အလုပ်ကြမ်းလုပ်ငန်းများကို လုပ်ကိုင်ရသော အလုပ်သမားများဖြစ်သည်။ ဇန်န၀ါရီ ၂၆ ရက်က နှစ်ဖက်အငြင်းပွားမှုဖြစ်ပွားပြီး ည ၁၂ နာရီတွင် အဆောက်အအုံကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

No comments: