Wednesday, January 29, 2014

ဖေဖော်ဝါရီတွင် ဆိုင်ကယ်လိုင်စင်များ ထပ်မံချထားပေးမည်

ဖြိုး

ဖေဖော်ဝါရီတွင် မော်တော်ဆိုင်ကယ်ယာဉ်လိုင်စင်များကို တစ်နိုင်ငံလုံးအတိုင်းအတာအရOne Stop Service ဖြင့် ထပ်မံချထားပေးမည်ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်း ဦးစီးမှူးဦးသိန်းဦးက ဇန်န၀ါရီ ၂၈ ရက်က မဇ်္ဈိမကို ပြောသည်။

“ဖေဖော်ဝါရီလထဲမှာ ဖြစ်ဖို့များပါတယ်။ ရက်ကတော့ အခုထိ အတိအကျမသိရသေးပါဘူး။ လွှတ်တော် မှာရော၊Public ကရော ဆိုင်ကယ်ယာဉ်လိုင်စင်အသစ် ထပ်မံချထားပေးဖို့အတွက် တောင်းဆိုချက်တွေ ရှိလို့ အခုလို စီစဉ်ဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

One Stop Service အစီအစဉ်တွင် မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီး ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ ယာဉ်လိုင်စင်ချထားပေးခြင်းကို တိုင်းကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့်ဘဏ်ဌာနငါး ခုတွင် ဆောင်ရွက်ပေးသွားဖြစ်သည်။

ရက်အတိအကျ မသိရသေးသော်လည်း ဖေဖော်ဝါရီလထဲတွင် ဆောင်ရွက်သွားမည်ဟုသိရပြီး အချိန် ကာလအားဖြင့် သုံးလ အကြမ်းဖျင်း ယာယီသတ်မှတ်သည်။

“အရင်တုန်းက ဒီလို လိုင်စင်တွေ ချထားပေးမယ်ဆိုရင် လှုပ်လှုပ်ခတ်ခတ်ရှိပေမယ့် ဒီနှစ်အင်တိုက်အား တိုက် သိပ်မရှိဘူး။ လှုပ်ရှားမှုက အေးအေးဆေးဆေး ဖြစ်နေတယ်။ အချိန်ကာလက သုံးလယာယီသတ် မှတ်ထားပေမဲ့ လိုအပ်ချက်တွေအရ တောင်းဆိုလာရင်တော့ Extension(ထပ်တိုး) လုပ်ပေးဖို့ အစီအစဉ် တွေရှိမှာပါ”ဟု ဦးသိန်းဦးက ပြောသည်။

လိုင်စင်အသစ်များ One Stop Serviceပြုလုပ်ပေးခြင်းကို ၂၀၀၀ ပြည့်တွင် စတင်ခဲ့ရာ ယခုနှစ်အထိရှစ် ကြိမ်ရှိသွားပြီဖြစ်ပြီး မန္တလေးတိုင်းတွင် မော်တော်ဆိုင်ကယ်အစီးရေ ၁၀ သိန်းခန့်ရှိသည်ဟု တိုင်းကညန ရုံး၏ စာရင်းများအရ သိရသည်။

No comments: