Friday, January 31, 2014

မွေးရာပါ မျက်စိတစ်ဖက်လပ်နေသူကို အကယ်ဒမီအနုပညာရှင် နှစ်ဦးမှ မျက်စိတုတပ်ဆင်ပေး

မြင့်မြင့်စိုး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ ဇရပ်ကုန်း ခင်ရွာမှ ရခိုင်တိုင်းရင်းသူ မခင်မာထွေး၏ မွေးရာပါမျက်စိ တစ် ဖက်လပ်နေခြင်းကို ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေး အဖွဲ့ (ရန်ကုန်)နှင့် ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင်နှင့် ဦးအောင်ခိုင်တို့ ပူးပေါင်းပြီး ရန်ကုန်မြို့သို့ ခေါ်ဆောင်ကာ မျက်စိတု အစားထိုးတပ်ဆင် ပေးခဲ့သည်။

အနုပညာရှင် ဦးအောင်ခိုင်က “ ကျွန်တော်တို့ ရခိုင်မှာဖျော်ဖြေရေးသွားတော့ အနုပညာရှင်တွေကို ဧည့်ခံ တဲ့ အုပ်စုထဲမှာ မခင်မာထွေးကိုတွေ့တာ မွေးရာပါ မျက်လုံးတစ်ဖက်က ပါမလာတော့ အင်္ဂါမပြည့်စုံဘူး ဖြစ်နေတာ။ ရုပ်ရည်လေးက သန့်သန့်ပြန့်ပြန့်လေး။ အဲဒါနဲ့ ဦးအောင်လွင်နဲ့တိုင်ပင်ပြီး မျက်စိတုထည့်ပေး ဖို့ စီစဉ်ဖြစ်တာ။ မာန်အောင်မှာပဲ သူမရဲ့ မျက်လုံးကို ဓာတ်ပုံအနီး ကပ်ရိုက်ခဲ့တယ်။ မိန်းကလေးတစ်ယောက်ရဲ့ အလှအပတရားအတွက်ပါ” ဟု မဇ္ဈိမသို့ ပြောသည်။

အနုပညာရှင် ဦးအောင်ခိုင်သည် ရခိုင်ဖျော်ဖြေပွဲမှ ပြန်ရောက်ပြီးနောက်တွင် ရန်ကုန်ရှိ ရန်ကင်းကျောက်ကုန်းမှ ယခင်သွားတု ကျောင်းအုပ်ကြီး ဦးမြင့်ဆွေကို တွေ့ဆုံတိုင်ပင်ကာ မျက်လုံးပုံစံယူပြီး လူနာ၏မျက် လုံးပုံစံအတိုင်း ပြုလုပ်ပေးခြင်းဖြစ်သည်။

ယင်းမျက်စိတု တပ်ဆင်ပေးခြင်းကို ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းရှိ မဟာဗောဓိလမ်းရှိ ဦးမြင့်ဆွေ၏ ကိုယ်ပိုင်ဆေးကုခန်းတွင် ဇန်န၀ါရီ ၂၃ ရက်က စတင်စမ်းသပ်ခဲ့ပြီး ဇန်န၀ါရီ ၂၄ ရက်တွင် အပြီးသတ် ကုသပေးခဲ့ခြင်း ဖြစ်သည်။ ကုန်ကျစရိတ်သည် ကျပ်ငါးသိန်းရှိပြီး ရခိုင်လူမှုကယ်ဆယ်ရေး အဖွဲ့က ဦးကျော်အေးမောင်၊ ကိုကိုနိုင် (ဗျာလ)၊ စိုးစိုး၊ ကိုခင်မောင်ဆွေ တို့လည်း ပါဝင်ခဲ့ကြောင်း ဦအောင်ခိုင်က ပြောသည်။

ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေး (ရန်ကုန်)မှ အတွင်းရေးမှူးနှင့် အနုပညာရှင်များသည် မာန်အောင်မြို့၊ မေဃအလင်း ရောင်ပညာရေး ရန်ပုံငွေဖျော်ဖြေပွဲသို့ သွားရောက်ဖျော်ဖြေခြင်းကြောင့် မခင်မာထွေး အသက်(၃၅)နှစ်သည် ၎င်း၏မျက်စိတု တပ်ဆင်ခြင်းကို ပြုလုပ်ခွင့်ရခြင်းဖြစ်သည်ဟု သိရသည်။

No comments: