Wednesday, January 29, 2014

TNLA နှင့် အစိုးရတပ်မတော် တိုက်ပွဲပြန်ဖြစ် နှစ်ဖက်တပ်ဖွဲ့ဝင်များ ကျဆုံးမှုရှိဟုဆို

နန်းလွင်နှင်းပွင့်

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အစိုးရတပ်မတော်တို့အကြား ဇန်န၀ါရီ ၂၅ ရက်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ ကျဆုံးမှုရှိခဲ့သည်ဟု TNLA ဒု-ဥက္ကဋ္ဌ တားဂျုတ်ဂျာက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲဖြစ်နေသည့်နေရာမှာ TNLA တပ်ရင်း ၂၅၆ ရှိရာ နမ့်ဆမ်မြို့နယ် အနောက်ကင်း၊ ဟိုလရွာတစ် ၀ိုက်တွင် ဖြစ်သည်။

“ပြန်ဖြစ်တာက နမ့်ဆမ်နားမှာပြန်ဖြစ်တာ၊ TNLA ဘက်က တပ်သားကျတာတွေတော့ ရှိတယ်၊ လူနေ အိမ်တွေ ရွာတွေရှိတဲ့တစ်ဝိုက်မှာ ဖြစ်တာဆိုပေမယ့် ရွာထဲကို ၀င်စီးတာတွေ ဘာတွေတော့ မရှိဘူး၊ အဲ ဒါကြောင့် စစ်ပြေးရတာတွေတော့ အခုတစ်ခေါက်မရှိဘူး”ဟု တားဂျုတ်ဂျာက ပြောသည်။

နှစ်ဖက်တပ်များမှ တပ်ဖွဲ့ဝင်များကျဆုံးမှုနှင့်ပတ်သက်၍ အစိုးရဘက်မှ ငါးဦး ကျဆုံးခဲ့သည်ဟု TNLA ဘက်မှ အတည်ပြု ပြောသော်လည်း အစိုးရစစ်တပ်ဘက်ကို အဆက်အသွယ်လုပ်၍ မရသောကြောင့် အတည်မပြုနိုင်ခဲ့ပေ။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဘက်မှ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးကလည်း တိုက်ပွဲဖြစ်နေသည့်အကြောင်း ကြားရသော်လည်း သတင်းအချက်အ လက် တစ်စုံတစ်ရာ ရရှိထားခြင်းမရှိဟု ဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှု အလားအလာကောင်းနေသည့် အနေအထားတွင် တပ်ပိုင်းဆိုင်ရာများ တိုက်ပွဲ ပြန်ဖြစ်ခြင်းနှင့်ပတ်သက်၍ ၎င်းက “တိုင်းရင်းသားနယ်မြေ အောက်ခြေတပ်တွေမှာက နယ်မြေထပ်နေ တာတွေရှိတယ်၊ တပ်မှာကျတော့ အပစ်ရပ်ထားတယ်ဆိုမှသာ စကားပြောရ ဆိုရ အဆင်ပြေမယ်၊ မရပ် ထားသေးဘူးဆိုရင်တော့ ညှိနှိုင်းဖို့က အောက်ခြေတပ်ပိုင်းမှာတော့ ခက်တယ်လေ၊ အပစ်ရပ်ပြီးဒေသ တွေမှာတောင် ဆက်ဆံရေးအားနည်းရင် အဆင်မပြေတာတွေ ရှိတာပါပဲ”ဟု သုံးသပ်ပြောဆိုသည်။

TNLA မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအရ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မပြုလုပ်ရ သေးသော်လည်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်မှ ၈ ရက်အထိ ဆွေးနွေးထားမှုများအရ တအာင်းနယ် မြေ၀န်းကျင်အတွင်း တိုက်စစ်ဆင်ခြင်းများ ရပ်တန့်ရန်၊ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အ ပစ်အခတ်ရပ်စဲရေးသို့ ဦးတည်ဆောင်ရွက်ရန်၊ တိုင်းရင်းသားအဖွဲ့အစည်း အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲသို့ သွားရန် PSLF (Palaung State Liberation Front/Organization) ဗဟိုကော်မတီ အ စည်းအဝေးတွင် ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)သည် ဇန်န၀ါရီ ၂၀ ရက်မှ၂၅ ရက်အထိ ဆွေး နွေးခဲ့သည့် ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံတွင်လည်း တက်ရောက်ဆွေး နွေးခဲ့သေးသည်။

တားဂျုတ်ဂျာက “အခုက ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန်၊ ကျွန်တော်တို့လည်း ဆွေးနွေးသမျှ အကုန် သဘောတူထားတာပဲ၊ တိုက်ပွဲကတော့ ဘယ်လိုအခြေအနေကြောင့်မို့ ဖြစ်တယ်တော့ ဘာမှမပြောချင် ဘူး”ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ TNLA မှပြန်ကြားရေးတာဝန်ရှိ ကိုမိုင်းအိုက်ကျော်ကလည်း “တိုက် ပွဲက ဇန်န၀ါရီ ၂၅ ရက်မှာ စဖြစ်တယ်၊ ကွက်ကျားကွက်ကျား ဖြစ်နေတာပဲ၊ ဒီနေ့တော့ ပစ်ခတ်တာ မရှိ သေးဘူး၊ ငြိမ်နေတယ်”ဟု ဇန်န၀ါရီ ၂၇ ရက်တွင် မဇ္ဈိမကို အတည်ပြုပြောသည်။

TNLA မှာ အစိုးရသစ်တက်လာပြီးသည့် နောက်ပိုင်းတွင် သမ္မတမှ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးနှင့် အပစ် အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ဖိတ်ခေါ်ရာတွင် သဘောတူညီမှုရယူရန် ကြိုးစားနေသည့်ထဲတွင် ပါဝင် သော အဖွဲ့တစ်ခုလည်း ဖြစ်သည်။

No comments: