Wednesday, January 29, 2014

အမျိုးသမီးများအကြမ်းဖက်ခံရမှု လူမျိုးမရွေးဘဲကူညီမည်ဟု မ.ဘ.သ အဖွဲ့ဆို

မျိုးသန့်

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)အနေဖြင့် မည်သည့်လူမျိုး အမျိုးသမီးများကို မဆို အကြမ်းဖက်မှုခံရလျှင် လိုအပ်သည်များ အစအဆုံး ကူညီမှုပြုလုပ်ပေးသွားမည်ဟု ဇန်န၀ါရီ ၂၇ ရက်က မန္တလေးမြို့ မစိုးရိမ်တိုက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဆရာတော်အရှင်ဝီရသူက မိန့်ကြားသည်။

“အမျိုးသမီးတွေ အကြမ်းဖက်ကိစ္စတွေ ဖြစ်ပွားမှုတွေမှာ လူမျိုးမခွဲ၊ ဘာသာမခွဲ စောင့်ရှောက်ပေးသွား မယ်။ ကုန်ကျစရိတ်၊ ကူညီဖေးမမှု၊ ရုံးသွားလာရာမှာလိုအပ်တဲ့ အဖော် စသည့်တို့ကို ကူညီပေးသွားမှာ ဖြစ်ပါတယ်”ဟု ဆရာတော်က မိန့်သည်။

မဘသအဖွဲ့ဖွဲ့စည်းပြီး မကြာမီရက်ပိုင်းအတွင်း မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်တွင် အိမ်ရှင်တစ်ဦးမှ အိမ်ဖော်၏သမီးဖြစ်သူ ခြောက်နှစ်သမီးအား အကြမ်းဖက်ခြင်းနှင့် အောင်မြေသာစံမြို့နယ်တွင် ခုနစ်တန်း ကျောင်းသားမှ ခြောက်နှစ်သမီးအရွယ် မိန်းကလေးတစ်ဦးအား အကြမ်းဖက်မှုပြုလုပ်မှုများကို တိုင်ကြား လာမှုများကြောင့် ယခုကဲ့သို့ လုပ်ဆောင်သွားရန် စီစဉ်ခြင်းဖြစ်သည်။

မဘသအဖွဲ့အနေဖြင့် ကာယကံရှင်ဘက်သို့ ကူညီမှုများကိုပေးအပ်မည့်အပြင် တရားဥပဒေရေးရာပိုင်းတွင် မဘသအဖွဲ့တွင်ပါဝင်သော တရားဥပဒေပညာရှင်များမှ လိုအပ်သည်များကို ညွှန်ကြားသွားမည် ဖြစ်သည်။

“အမျိုးသမီးတွေကို အကြမ်းဖက်မှုကျူးလွန်ရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ်ချမှတ်နိုင်ပါ တယ်။ ဒါပေမဲ့ တရားစွဲဆိုတဲ့အခါမှာ မြို့နယ်တရားရုံးမှ တရားစွဲဆိုမယ်ဆိုရင်တော့ မြို့နယ်တရားရုံးက ပြစ်ဒဏ်ချမှတ်ပိုင်ခွင့်ရှိတဲ့ ပမာဏကိုပဲ ချမှတ်ပေးလို့ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြစ်ဒဏ်ပိုမိုချမှတ် နိုင်ဖို့အတွက် တိုင်ကြားတဲ့သူတွေအနေနဲ့လည်း ခရိုင်အဆင့်တရားရုံးမှာ တိုင်ကြားကြဖို့ ပြောလိုပါတယ်” ဟု မဘသအဖွဲ့ ဥပဒေအကျိုးတော်ဆောင် ဦးအေးပိုင်က ပြောသည်။

အဆိုပါကိစ္စရပ်များအပြင် မဘသအဖွဲ့အနေဖြင့် အမျိုးဘာသာသာသနာ စောင့်ရှောက်မှုများကို လုပ် ဆောင်ရန်အတွက် မြို့နယ်အလိုက် အဖွဲ့ခွဲများကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမျိုးသား နိုင်ငံရေးများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လူမျိုးရေးနှင့်ပတ်သက်သော ပဋိပက္ခများလျော့ နည်းသွားစေရန်အတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် မဘသအဖွဲ့ ဖွဲ့စည်းထားသည့်အင်အားမှာ ၄၂၆ ဦးရှိနေပြီဖြစ်သည် ဟု အဆိုပါအဖွဲ့ ထုတ်ပြန်ထားသော စာရင်းများတွင် ဖော်ပြသည်။ မဘသအဖွဲ့ကို ဇန်န၀ါရီလ ၁၅ ရက် က စတင်ဖွဲ့စည်းခဲ့သည်။

No comments: