Thursday, January 30, 2014

မြန်မာလုပ်ငန်းရှင်ကို နိုင်ငံခြားသားများက ငွေကျပ် သိန်း ၅၀၀ လိမ်လည်

ဇော်ဇော်ထွေး

မြန်မာလုပ်ငန်းရှင်တစ်ဦးထံမှ ငွေကျပ် သိန်း ၅၀၀ ခန့်ကို နိုင်ငံခြားသားက လိမ်လည်သွားသဖြင့် ရန်ကင်းရဲစခန်းက ဇန်န၀ါရီ ၂၆ ရက်တွင် အမှုဖွင့်ပြီး တရားခံအား လိုက်လံဖမ်းဆီးနေသည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို မြောက်ဒဂုံမြို့နယ်၊ ၃၉ (အေ)ရပ်ကွက်နေ ဦးရဲထွဋ် (၄၉)နှစ်က အမှုဖွင့်တိုင်တန်းထား ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလက ၎င်းထံသို့ ဂါနာနိုင်ငံသား Mr.EDUWARD MAASI (စိစစ်ဆဲ)ဆိုသူမှ ဟိုတယ်လုပ်ငန်း အကျိုးတူ ဆောင်ရွက်လိုကြောင်း အီးလ်မေးဖြင့် ဆက်သွယ်ခဲ့သည်ဟုဆိုထားသည်။

ထို့ပြင် အဆိုပါနိုင်ငံခြားသားက ၎င်း၏ကိုယ်စားလှယ် Mr.Morris Parkor (စိစစ်ဆဲ)နှင့် Mr.Afan Jonah (စိစစ်ဆဲ) ဆိုသူတို့ မှာ မန္တလေးတွင် ရောက်ရှိနေပြီး တွေ့လိုကြောင်း ဖုန်းဆက်ပြောသဖြင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၉ ရက်က ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံခဲ့သည်ဟုလည်း ဦးရဲထွဋ်က ရဲထံတွင် ထွက်ဆိုထားသည်။

ထို့နောက် အဆိုပါ နိုင်ငံခြားသားများက မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံရန်အတွက် အမေရိကန်ဒေါ်လာများကို အမေရိကန်သံရုံးသံတမန်သေတ္တာများဖြင့် ဂါနာနိုင်ငံမှတစ်ဆင့် ပေးပို့ထားပြီး ရက်အနည်းငယ်အတွင်း ရောက်ရှိမည်ဟုလည်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဇန်န၀ါရီ ၁၀ ရက်တွင် ယင်းတို့နှင့် ထပ်မံတွေ့ဆုံပြီး အမေရိကန်ဒေါ်လာများ ထုတ်ယူရန်အတွက် အမေရိကန် ဒေါ်လာ ၄,၆၀၀ ကျသင့်မည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ဇန်န၀ါရီ ၁၁ ရက်တွင် ထပ်မံပေး ဆောင်ခဲ့သည်ဟု တရားလိုက တိုင်တန်းထားသည်။

ယင်းအပြင် လုံခြုံရေးစနစ်များအရ ထည့်သွင်းထားသော ဒေါ်လာများကို အများပြည်သူသုံးစွဲသည့် အဆင့်သို့ ရောက်ရှိရန် ဓာတုဆေးရည်ဖြင့် ဆေးကြောရမည် ဖြစ်သဖြင့် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နှင့်ညီမျှသော မြန်မာငွေကျပ်သိန်း ၄၉,၂၅၀,၀၀၀ကို ခေတ္တစိုက်ထုတ်ပေးရန် ပြောသဖြင့် ဇန်န၀ါရီ ၂၀ရက်တွင် ပေးအပ်ခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် ငွေဆေးကြောခြင်းလုပ်ငန်းကို ဇန်န၀ါရီ ၂၃ ရက်တွင် လုပ်ဆောင်မည်ဖြစ်ကြောင်းချိန်းဆိုပြီး ယင်းနေ့တွင် ရောက်ရှိမလာသဖြင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ မရရှိဘဲ ထွက်ပြေးသွားကြောင်းကို စုံစမ်း သိရှိခဲ့သဖြင့် ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ရန်ကင်းရဲစခန်းက (ပ)၁၉/၂၀၁၄ဖြင့် အမှုဖွင့်ပြီး လိမ်လည်မှု ပုဒ်မ ၄၂၀ဖြင့် အရေး ယူရန် အဆိုပါ နိုင်ငံခြားသား သုံးဦးကို လိုက်လံစုံစမ်းရှာဖွေနေသည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

No comments: