Wednesday, January 29, 2014

တိုင်ကြားစာ ၇၀၀ ကျော် အချက်အလက်မပြည့်စုံ၍ လူ့အခွင့်အရေးကော်မရှင် ပယ်ချ

ယုဝေ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တစ်နှစ်အတွင်း ပေးပို့သည့် တိုင်ကြားစာများအနက် တိုင်ကြားစာ ၇၆၀ မှာ အချက်အလက်မပြည့်စုံသဖြင့် ပယ်ချခဲ့ရသည်ဟု ကော်မရှင်အဖွဲ့ဝင် ဒေါ်စန်းစန်း က ဇန်န၀ါရီ ၂၇ တွင် မဇ္ဈိမကို ပြောသည်။

၂၀၁၃ ခုနှစ်ဇန်န၀ါရီမှ ဒီဇင်ဘာအထိ လက်ခံရရှိထားသည့် တိုင်ကြားစာစုစုပေါင်း ၁၉၉၀အနက် အချက် အလက်မပြည့်စုံသဖြင့် ပယ်ချခဲ့ခြင်းများဖြစ်ပြီး လုပ်ငန်းသဘောအရ ဆောင်ရွက်ရန်ကျန်ရှိနေသေးသည့် တိုင်ကြားစာမှာလည်း ၄၀၀ ရှိသည်ဟု ကော်မရှင်၏စာရင်းများတွင် ဖော်ပြသည်။

ကော်မရှင်အဖွဲ့ဝင် ဒေါ်စန်းစန်းက “ရောက်ရှိလာတဲ့ တိုင်ကြားစာတွေကို လုပ်ထုံးအတိုင်း အစည်းဝေး ထိုင်ပြီး မှတ်ချက်နဲ့တကွ သတ်ဆိုင်ရာဌာနကို ပြန်လည်ပေးပို့ပေးရတာပါ။ တစ်နေ့ကို တိုင်ကြားစာဆယ် စောင်လောက်ပဲ စီမံဆောင်ရွက်နိုင်တဲ့အတွက် တိုင်ကြားစာတွေက ကျန်နေသေးတာ”ဟု ပြောသည်။

အချက်အလက်မပြည့်စုံသည့် တိုင်ကြားစာများအား စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ပြီး အဆိုပါ တိုင် ကြားစာတွင် ဖုန်းနံပါတ်ပါဝင်ပါကလည်း ဆက်သွယ်အကြောင်းကြားပေးသည်ဟု ယင်းက ဆိုသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားစာပေးပို့လိုသူများအနေဖြင့် တိုင်ကြားလို သည့် အကြောင်းအရာနှင့်ပတ်သက်သည့် အချက်အလက်အပြည့်အစုံနှင့် မှတ်ပုံတင်မိတ္တူ၊ လိပ်စာအ ပြည့်အစုံ ပါဝင်ရမည် ဖြစ်သည်။ တိုင်ကြားစာအများစုမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်းဆိုင်ရာကိစ္စ များဖြစ်ပြီး ချေးငွေ၊ အမွေဆိုင်နှင့် ပိုင်ဆိုင်မှုအမည်ပြောင်းကိစ္စများ၊ ဌာနဆိုင်ရာများနှင့် ပတ်သက်သည့် မတရားခံရသည်ဟု ယူဆသော ကိစ္စရပ်များ အများစု ပါဝင်သည်။

ပုဂ္ဂလိကတိုင်ကြားစာများ၊ တရားရုံးတွင် ရင်ဆိုင်ဆဲအမှုအခင်းများ၊ ဆုံးဖြတ်ချက်ချပြီး ကိစ္စရပ်များနှင့်စပ် လျဉ်းသည့်တိုင်ကြားစာများကိုမူ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လက်မခံဟု ကော် မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက ပြောသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကော်မရှင်၏သက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်ပြီး သက်တမ်းနှစ်ကြိမ် တာဝန်ယူခွင့်ရှိသည်။

No comments: