Friday, January 31, 2014

ကသာတွင် ကျောက်စိမ်းအရိုင်းတုံး တန်ချိန်တစ်ရာကျော် ဖမ်းဆီးမိ

ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ မိုးတားကြီးကျေးရွာ စုပေါင်းစစ်ဆေးရေးဂိတ်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ကျောက်စိမ်းအရိုင်းတုံး တန်ချိန်တစ်ရာကျော်အား သက်ဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီး ရရှိခဲ့သည်ဟု ပူးပေါင်းအဖွဲ့တွင် တာဝန်ကျဝန်ထမ်းတစ်ဦးက ဇန်န၀ါရီ ၂၈ ရက်တွင် ပြောသည်။

ဖြစ်စဉ် ကသာမြို့မှ ဗန်းမော်ဘက်သို့ ယခုလ ၂၂ ရက် ညနေ ၆ နာရီခွဲအချိန်တွင် Nissan Diesel ဆယ့်နှစ်ဘီးယာဉ်အမျိုးအစား ယာဉ်အမှတ် ၈ည/----- ယာဉ်သည် ဆုထူးပန် လမ်းတံတားအသုံးပြုခ တိုးဂိတ်၊ တန်ပိုကတ္တားချိန်ရာတွင် ယာဉ်တန်ချိန်မှာ ၁၄ တန်ရှိရမည့်အစား ၄၄ တန်ဖြစ်နေသည့် အတွက် ဌာနပေါင်းစုံ စစ်ဆေးဂိတ်မှ ယာဉ်ကို စစ်ဆေးခဲ့ရာ တရားမ၀င်သယ်ဆောင်လာသည့် ရေမ ဆေးကျောက်စိမ်းအရိုင်းတုံးများဖြစ်နေကြောင်း တွေ့ရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်ကို မောင်းနှင်လာသူမှာ မိုးညှင်း၊ ညောင်ပင်ကျေးရွာနေ ကိုနိုင်လင်းအောင် အသက် (၂၃) နှစ်ဆိုသူက ယာဉ်နောက်လိုက်တစ်ဦးနှင့်အတူ မောင်းနှင်လာခဲ့သည်။ ထို့ကြောင့် အဆိုပါ ယာဉ်ပေါ် တွင် လိုက်ပါလာသူတို့အား မိုးတားနယ်မြေ ရဲကင်းစခန်း၏ ရဲစခန်းမှူး ရဲအုပ်မင်းခိုင်မှ ကသာမြို့မ ရဲစခန်းတွင် ယခုလ ၂၇ ရက် ညက အမှုဖွင့်ခဲ့သည်။

ထို့ပြင် အဆိုပါ ဆုထူးပန် လမ်းတံတား အသုံးပြုခ ကောက်ခံရေးတိုးဂိတ်တွင် ယခုလ ၂၂ ရက်က တန် ချိန် ၂၉ တန်စီတင်ဆောင်လာသည့် ဆယ့်နှစ်ဘီးယာဉ်နှစ်စီး နှင့် တန်ချိန် ၃၀ တန်ယာဉ်တစ်စီး၊ အဆိုပါ ယာဉ်လေးစီးပေါ်မှ ဖမ်းဆီးရရှိမိသည့် ကျောက်စိမ်းအရိုင်းတုံး စုစုပေါင်း ၁၂၀ တန်ဖြစ်သည်။

ထို့ကြောင့် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာသူများအား ကသာမြို့မ ရဲစခန်းက (ပ) ၂၂/ ၂၀၁၄ ၊(ပ)၂၃/၂၀၁၄ (ပ)၂၄/၂၀၁၄ (ပ)၂၅/၂၀၁၄ ကျောက်မျက်ပုဒ်မ ၄၂(က)အရ အမှုများရေးဖွင့် ခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

No comments: