Wednesday, January 29, 2014

ရခိုင်က မွတ်စလင်တွေ အသတ်ခံရတဲ့ကိစ္စ မဟုတ်မှန်ကြောင်း အစိုးရငြင်းဆို

ABC

ရခိုင်ပြည်နယ် ​ဒုချီးရာတန် ​ကျေးရွာမှာ ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခအတွင်း ​မွတ်စလင် ​သေဆုံးမှုတွေ ​မရှိခဲ့သလို ​မြန်မာအစိုးရအနေနဲ့ ​ပွင့်လင်းမြင်သာတဲ့ ​စုံစမ်းစစ်ဆေးမှုတွေ ​ပြုလုပ်နေပြီး ​အဲဒီစုံစမ်းစစ်ဆေးမှုတွေမှာ ​နိုင်ငံတကာက ​ပါဝင်တာကိုတော့ ​လက်မခံနိုင်ဘူးလို့ ​မြန်မာ ​အစိုးရက ​ပြောပါတယ်။

ရခိုင်ပြည်နယ် ​ဒုချီးရာတန် ​ကျေးရွာ ​ပဋိပက္ခဖြစ်စဉ်အပေါ် ​မြန်မာအစိုးရက ​စုံစမ်းစစ်ဆေးမှု ​လုပ်နေတာနဲ့ ​ပက်သက်ပြီး ​မနေ့တုန်းက ​ရန်ကုန်မြို့၊ ​နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ​ရှင်းလင်းပွဲ ​ပြုလုပ်ခဲ့ပါတယ်။ ​အဲဒီ ​ရှင်းလင်းပွဲမှာ ​ကုလသမဂ္ဂအပါအဝင် ​နိုင်ငံတကာက ​သံအမတ်ကြီးတွေ ​တက်ရောက်ပြီး ​အမေရိကန်သံအမတ်ကြီးက ​ဒီစုံစမ်းမှုမှာ ​နိုင်ငံတကာကို ​ပါဝင်ခွင့်ပေးဖို့ ​တောင်းဆိုခဲ့တဲ့အပေါ် ​လက်မခံနိုင်တဲ့အကြောင်း ​နိုင်ငံတော်သမ္မတရဲ့ ​ပြောရေးဆိုခွင့်ရှိသူ ​ပြန်ကြားရေးဝန်ကြီးဌာန ​ဒုတိယဝန်ကြီး ​ဦးရဲထွဋ်က ​အခုလို ​ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ​စုံစမ်းစစ်ဆေးမှုသည် ​ကျွန်တော်တို့ရဲ့ ​ပြည်တွင်းရေး ​ကိစ္စဖြစ်တယ်။ ​ကျွန်တော်တို့ ​နိုင်ငံမှာ ​လွတ်လပ်စွာ ​စုံစမ်းစစ်ဆေးတဲ့ ​အဖွဲ့တွေရှိခဲ့ပြီးသား ​ဒီအဖွဲ့တွေနဲ့ ​လုပ်မယ်။ ​နိုင်ငံတကာကလူတွေ ​ပါစရာမလိုဘူး။ ​သို့သော် ​ကျွန်တော်တို့ရဲ့ ​စုံစမ်းစစ်ဆေးမှုသည် ​ပွင့်လင်းမြင်သာမယ်။ ​ကျွန်တော်တို့ ​တွေ့ရှိတဲ့အားလုံးကို ​အားလုံးနဲ့ ​မျှဝေပေးမယ်။”


တစ်ဆက်တည်းမှာပဲ ​နိုင်ငံတကာက ​ပဋိပက္ခအတွင်း ​မွတ်စလင် ​အယောက် ​၄၀ ​သတ်ဖြတ်ခံရတယ်လို့ ​ဆိုထားပေမယ့် ​စုံစမ်းစစ်ဆေးမှုတွေအရ ​အဲဒီအဆို ​မမှန်ကန်ဘူးလို့ ​ဦးရဲထွဋ်က ​အခုလို ​ရှင်းပြခဲ့ပါတယ်။

“ဒီအချက်တွေ ​တစ်ခုမှ ​မမှန်ဘူး။ ​တစ်ကယ်သေတာဆိုလို့ ​ရခိုင်လူမျိုး ​ရဲတပ်ကြီး ​သေတာပဲရှိတယ်။ ​နောက်တစ်ခါ ​ဥပမာဆိုပါ ​တော့ ​အင်တာနက်မှာ ​တက်နေတဲ့ ​လူ ​၂၀၊ ​အသက်ခံရတယ်ဆိုတဲ့ ​ဘင်္ဂါလီ ​လူ ​၂၀၊ ​အဲဒီ ​ဘင်္ဂါလီ ​လူ ​၂၀ ​ကို ​အဲဒီ ​ဒေသမှာ ​ရွာပေါင်း ​၉ ​ရွာရှိတယ်။ ​အုပ်စုမှာ ​အဲဒီ ​၉ ​ရွာမှာ ​လိုက်ရှာတာ ​တစ်ယောက်မှ ​မရှိဘူး။ ​မြေပြင်မှာ ​အဲဒီ ​နံမည်နဲ့ ​လူကို ​မရှိဘူး။ ​MSF ​ကသူတို့တွေ ​လူ ​၂၀ ​ကျော်လောက်ကို ​ဆေးကုသပေးရတယ်လို့ ​ပြောတယ်။ ​အဲဒါနဲ့ ​ပက်သက်လို့ ​ကျွန်တော်တို့က ​နှစ်ခုလုပ်တယ်။ ​တစ်ခုကတော့ ​ပြည်နယ်အစိုးရက ​ကျွန်တော် ​ခင်ဗျားတို့ကို ​ရှင်းပြသလိုဘဲ ​ရှိရင် ​အဲဒီလူတွေပြော ​သူတို့ ​သွားကြည့်မယ်၊ ​ဆွေးနွေးမယ်၊ ​ဆေးကုသပေးမယ်။ ​ဖြစ်စဉ်ကို ​မေးတော့မှ ​စုံစမ်းဖော်ထုတ်မယ်လို့ ​ပြောတယ်။ ​ဒါပေမယ့် ​သူတို့ ​ထုတ်မပေးနိုင်ဘူး။ ​ဆရာ ​ဒေါက်တာ ​ကျော်ရင်လှိုင်တို့ဆီက ​ဒီရခိုင်ပြည်နယ် ​ပဋိပက္ခ ​စုံစမ်းရေး ​ကော်မရှင်က ​သွားတဲ့အခါမှာလည်း ​အဲဒီသတင်းကို ​ကွန်ဖန်းလုပ်တယ်။ ​ဆိုတော့ ​ကွန်ဖန်းလုပ်တဲ့အခါမှာ ​သူတို့ဘက်ကလည်း ​မပြောနိုင်ဘူး။ ​အဲတော့ ​ရွာတွေကို ​ရှိသမျှ ​အဲဒီနားက ​ရွာ ​၉ ​ရွာလုံးကို ​သွားပြီးတော့ ​မေးတဲ့အခါမှာလည်း ​ဆေးကုသခံရသူ ​ဘာညာဆိုတာ ​မရှိဘူး။”

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ​ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ​ရခိုင်ပြည်နယ် ​ပဋိပက္ခ ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်တို့ရဲ့ ​စုံစမ်းစစ်ဆေးမှု ​တွေအရ ​ဒုချီးရာတန် ​ကျေးရွာက ​မွတ်စလင်တွေ ​အသတ်ခံရတယ်ဆိုတာ ​မမှန်ကန်ဘူးလို့ ​သိရပါတယ်။

အခုလို ​စွပ်စွဲပြောဆိုမှုတွေ၊ ​သံတမန်ရေးရာထက်ကျော်လွန်နေတဲ့ ​ကိစ္စတွေကိုလည်း ​မြန်မာအစိုးရအနေနဲ့ ​ပြန်လည် ​တုန့်ပြန်သွားဖို့ ​ရှိတယ်လို့ ​ဆိုပါတယ်။

ကုလသမဂ္ဂအပါအဝင် ​​အမေရိကန် ​​သံရုံးနဲ့ ​​တခြား ​​လူ့အခွင့်အရေး ​​အဖွဲ့တွေကတော့ ​​ရခိုင်ပြည်နယ် ​​ဒုချီးရာတန် ​​ကျေးရွာ ​​ပဋိပက္ခမှာ ​ဘင်္ဂါလီ ​ရိုဟင်ဂျာ ​အယောက် ​​၄၀ ​​ကျော် ​​အသတ်ခံရတာကို ​သက်သေတွေရှိတယ်လို့ ​ပြောဆိုခဲ့ပြီး ​အမေရိကန် ​သံအမတ်အနေနဲ့တော့ ​မြန်မာအစိုးရရဲ့ ​စုံစမ်းစစ်ဆေးမှု ​ရလဒ်ကို ​လက်မခံသေးဘူးလို့ ​ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရကတော့ ​ပဋိပက္ခဖြစ်တာ ​မှန်ကန်ပေမယ့် ​သေဆုံးမှုမဖြစ်ခဲ့တဲ့အကြောင်း ​ပဋိပက္ခကြောင့် ​ထွက်ပြေးတိမ်းရှောင်နေတဲ့ ​ဒုက္ခသည်တွေထဲက ​အိမ်ထောင်စု ​၆၀ ​ကျော်နဲ့ ​လူဦးရေ ​၃၀၀ ​ကျော်ကတော့ ​နေရပ်ကို ​ပြန်လည်ရောက်ရှိနေပြီလို့လည်း ​ဒုဝန်ကြီးက ​ပြောဆိုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံဆိုင်ရာ ​လူ့အခွင့်အရေး ​ကော်မရှင်အနေနဲ့လည်း ​မကြာမီရက်ပိုင်းအတွင်း ​အဲဒီ ​ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ​အဲဒီ ​ကျေးရွာကို ​သွားရောက်စစ်ဆေးမှာဖြစ်တယ်လို့ ​သိရပါတယ်။

No comments: