Friday, January 31, 2014

RCSS နှင့် ၀န်ကြီးဦးအောင်မင်းတို့ အပစ်အခတ်ရပ်စဲရေး ယနေ့ဆွေးနွေးမည်

ဖနိဒါ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီခေါ် ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA နှင့် ပြည် ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒု-ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်း ဦးဆောင်သောအဖွဲ့တို့ ဇန်န၀ါရီလ ၃၀ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထပ်မံတွေ့ဆုံမည် ဖြစ်သည်။

တွေ့ဆုံပွဲတွင် RCSS/SSA ၏ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောထားများကို တင်ပြသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက ပြောကြားသည်။

“တွေ့ဖို့တော့ ပြောထားပါတယ်။ ဒီတစ်ကြိမ်တွေ့မယ်ဆိုရင် ကျွန်တော်တို့အဖွဲ့ရဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောထားတွေကို ကျွန်တော်တို့ မူဘောင်တွေကို တင်ပြသွားမှာ ဖြစ်တယ်”ဟု မဇိ္ဈမကို ပြောသည်။

RCSS/SSA က တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို လက်ခံပြီး ညှိနှိုင်းဆွေးနွေးရန် လိုအပ် ကြောင်းနှင့် အခြားတိုင်းရင်းသားအဖွဲ့အစည်းများ၏ သဘောထားများ ရယူရန်လိုအပ်ကြောင်း မူလက ပြောဆိုထားပြီးဖြစ်ကြောင်း သူက ပြောသည်။

ဇန်န၀ါရီ ၂၀ မှ ၂၅ ရက်ထိ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ လောခီးလာခေါ် လေးဝါးတွင် ကျင်းပခဲ့သော ဒုတိယညီလာခံတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့က လက်မှတ်ထိုးသော်လည်း RCSS က ပါဝင်လက်မှတ်ထိုးခြင်း မရှိ ခဲ့ပေ။

တိုင်းရင်းသားအဖွဲ့အစည်းများ၏ သဘောတူညီမှု မူကြမ်းအား မူအားဖြင့်လက်ခံထားသော်လည်း RCSS ၏ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများမှ သဘောထားရယူရန် လိုအပ်သဖြင့် လက်မှတ်ထိုးခြင်း မရှိခဲ့ ကြောင်း ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက ပြောသည်။

“နိုင်ငံရေးဆွေးနွေးရေးမူဘောင်မှာ တခါတည်းပါထားတယ်ဆိုတော့ နိုင်ငံရေးကိစ္စမှာ တချို့အပိုင်းမှာ ကျွန်တော်တို့ ပြည်သူလူထုရဲ့သဘောထား၊ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေရဲ့သဘောထားတွေ ညှိယူ ရမှာဖြစ်ပါတယ်။ ရှေ့ဆက် အနာဂတ်မှာ သွားပြီ ဆွေးနွေးရမယ့် နိုင်ငံရေးကိစ္စကို ယခု ကြိုတင်ပြီးတော့ မူဘောင်ခတ်ထားမယ်ဆိုရင် အခက်အခဲဖြစ်လာမှာစိုးလို့ မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်လာမှာစိုး လို့ ဒီမူကို လက်ခံတဲ့အပိုင်းတော့ ရှိပါတယ်”ဟု ပြောသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ၀န် ကြီးဦးအောင်မင်း၊ ဒု-ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦး၊ ဦး အောင်နိုင်ဦး၊ ဒေါက်တာဂျုံးလျှန်နှင့် ဦးညိုအုန်းမြင့် အပါအ၀င် ၁၃ ယောက်တို့သည် ယနေ့ ဇန်န၀ါရီ ၂၈ ရက်ကတည်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

No comments: