Wednesday, January 29, 2014

လွှတ်တော်အမတ်တို့၏ လုပ်ဆောင်ချက်များကိုချပြရန် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် ဦးကိုကိုကြီး ဆွေးနွေး

မင်းမင်း

လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်း မေးမြန်းချက်၊ အဆိုပြုချက်၊ ဆွေးနွေးချက်များကို လေ့လာပြီး အစီရင်ခံစာတစ်ရပ် ထုတ်ပြန်နိုင်ရန် ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက အမျိုး သားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌများအား နိုဝင်ဘာ ၂၇ ရက် လွှတ်တော် အစည်းအဝေး အပြီး လာရောက်တွေ့ ဆုံခဲ့သည်။

“လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တွင်း မေးခွန်းတွေ၊ အဆိုပြုချက်တွေ၊ ဆွေးနွေးချက်တွေ ပေါ့လေ။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ သုတေသနလုပ်ငန်းအတွက် အမျိုးသား လွှတ် တော်၊ ပြည်သူ့လွှတ်တော်နဲ့ ဆွေးနွေးပြီးတော့ သူတို့ဆီက အချက်အလက်တွေ ပံ့ပိုးနိုင်ဖို့ ကျွန်တော်တို့ လိုအပ်တဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်နိုင်ဖို့ အဲဒါလေးတွေ လာပြီးတော့ ဆွေးနွေးတာပါ” ဟု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဆွေးနွေးပွဲအပြီး ဦးကိုကိုကြီးက ပြောသည်။

ထိုဆွေးနွေးပွဲမှာ တံခါးပိတ်ဆွေးနွေးပွဲဖြစ်ပြီး ဦးကိုကိုကြီးက ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းအနေဖြင့် လာ ရောက်ခြင်း မဟုတ်ဘဲ အစီရင်ခံစာရေးသားမည့် NGO အဖွဲ့အစည်းဖြစ်သော“ပွင့်လင်း မြန်မာ့ရှေ့ဆောင် (Open Myanmar Initiative-OMI) အဖွဲ့၏ အကြံပေးအနေဖြင့်သာ လာရောက်ဆွေးနွေးခြင်း ဖြစ်သည် ဟုလည်း ၎င်းကဆိုသည်။

လာရောက်ဆွေးနွေးခဲ့သည့် OMI မှ ဦးသက်ဇော်က “Report ကတော့ သူတို့နဲ့ တွေ့တွေ့၊ မတွေ့တွေ့ ထုတ်မှာပဲ။ ဒါပေမဲ့ အချက်အလက်တွေက သူတို့လွှတ်တော်ရဲ့အချက်အလက်ပေါ် အခြေခံပြီးရေးတဲ့ အတွက် အခက်အခဲဖြစ်နေတဲ့ အချက်အလက်တွေကို ဒီကနေရနိုင်ဖို့ လာဆွေးနွေးတာပါ။ အဆင်ပြေမှာ ပါ” ဟု ရှင်းပြသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်(OMI) ၏ လုပ်ငန်းစဉ်များမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလဖြစ်စဉ်၊ ဖြစ်ရပ်များကို စောင့်ကြည့်လေ့လာခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် လေ့လာတွေ့ရှိချက် အစီရင်ခံစာများကို ပြုစုထုတ်ပြန်ခြင်းတို့ ဖြစ်သည်။

ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က“အဓိကတော့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူတွေသိအောင် ကြိုးစားပေးတဲ့ သဘောလေးပါ” ဟု ဆိုသည်။

လက်ရှိ လွှတ်တော်သက်တမ်း သုံးနှစ်နီးပါးအချိန်ထိ လွှတ်တော်အစည်းအဝေးများတွင် မေးမြန်း၊ဆွေးနွေး ခြင်း မရှိသည့် လွှတ်တော်အမတ်များလည်း ရှိနေသေးသည်။

No comments: