Thursday, January 30, 2014

JICA မှ ချေးယူထားငွေ ယန်း ၆၃ဘီလီယံကျော်ကိစ္စ လွှတ်တော်ဆွေးနွေးမည်

စိုးသန်းလင်း

မြန်မာနိုင်ငံ၏ စီမံကိန်းလေးခုကို အကောင်အထည်ဖော်နိုင်ရန် တရားဝင် ဖွံ့ဖြိုးမှု အကူအညီချေးငွေ (ODA Loan Official Development Assistance Loan) ယန်း ၆၃ ဒသမ ၂ ဘီလီယံကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က သက်သာသော အတိုးနှုန်းဖြင့် ထုတ် ချေးမည်ဖြစ်ရာ ချေးငွေခွင့်ပြုရန် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ အတည်ပြုချက် တောင်းခံလာခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးသွားမည်ဟု ၎င်း၏န၀မအကြိမ် မြောက် အစည်းအဝေး ဆဋ္ဌမနေ့တွင် ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ ချေးငွေကို ဆိုင်းငံ့ ၁၀နှစ်၊ ပြန်ဆပ်ကာလ အနှစ် ၃၀ ဖြင့် အနှစ် ၄၀ သက်တမ်းအတွက် တစ်နှစ် လျှင် အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူခွင့်ရမည်ဖြစ်ကြောင်း၊ ချေးငွေ ၆၃ ဒသမ ၂ ဘီလီ ယံကို ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၁)အတွက် ၂၀ ဒသမ ၀ ဘီလီ ယံ၊ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ၂၃ ဒသမ ၇ ဘီလီယံ၊ သီလ၀ါဆိပ်ကမ်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးစီမံကိန်းအဆင့်(၂)အတွက် ၄ ဒသမ ၆ ဘီလီယံနှင့် ပဲခူးအနောက် ခြမ်းဒေသ ဆည်ရေပေးမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ၁၉ ဘီလီယံဟူ၍ ခွဲဝေ သုံးစွဲသွားမည် ဖြစ် ကြောင်းလည်း သမ္မတက ပေးပို့သောစာတွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် တိုကျိုမြို့တွင် ပြုလုပ်ခဲ့သော မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး၌ သမ္မတဦးသိန်းစိန် နှင့် ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးတို့ ဆွေးနွေးခဲ့အပြီး JICA က ယခုကဲ့ သို့ ODA ချေးငွေ ထုတ်ချေးရန် ကတိပြုခဲ့ခြင်း ဖြစ်သည်။

ဖော်ပြပါ စီမံကိန်းများအတွက် ချေးငွေများကို မည်ကဲ့သို့ သုံးစွဲသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပြည် ထောင်စုအဆင့် အဖွဲ့ဝင်များက လွှတ်တော်၌ ရှင်းလင်းပြောကြားခဲ့ကြပြီး ချေးငွေပမာဏ အများဆုံး (၂၃ ဒသမ ၇ ဘီလီယံ) သုံးစွဲမည့် ရန်ကုန်မြို့တော် ရေပေးဝေမှုဖွဲ့ဖြိုးရေးစီမံကိန်းအတွက်မူ လွှတ်တော်သို့ လာရောက်ရှင်းလင်း ပြောကြားသူမရှိခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ်တို့က အားမလိုအားမရ ဖြစ်ခဲ့ ကြကြောင်းလည်း သိရသည်။

JICA သည် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ယခင်တပ်မတော် အစိုးရလက်ထက် ၂၀၀၉- ၂၀၁၀ ဘဏ္ဍာရေး နှစ်ကလည်း ငွေချေးခဲ့ဖူးကြောင်း၊ ရေအားလျှပ်စစ်လုပ်ငန်းများအတွက် လျှပ်စစ်(၁)နှင့်လျှပ်စစ်(၂)၀န်ကြီး ဌာနများသို့ ချေးခဲ့ဖူးကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး က မဇ္ဈိမသို့ ပြောသည်။

“အရင်အစိုးရလက်ထက်မှာ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်အတွက် ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ် အတွက်ရော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက်ပါ ကြိုတင်ပြီး ချေးခဲ့ပါတယ်။ နောက်ပြီး ဒီဘက်ခေတ်မှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် RE(Revise Estimated) ကို ပြည့်မီအောင် ဖြည့်ပေးနိုင်ဖို့အတွက် လည်း ချေးခဲ့ရဖူးပါတယ်” ဟု ၎င်းက ရှင်းပြသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ RE ဘတ်ဂျက်ငွေများအနက် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းအတွက် လိုငွေ၊ အိမ်ရာစီမံကိန်းများနှင့် မိုဘိုင်းဖုန်းလိုင်းများအတွက် လိုငွေများဖြည့်နိုင်ရန် ချေးခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခုလာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် JICA ကပင် ODA ချေးငွေ ယန်း ၁၀ဘီလီယံကို သပြေ၀ တောင်၊ ကမာနတ်၊ မြောင်းတကာ ဓာတ်အားခွဲရုံးများအတွက် ယခု အတိုး ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့်ပင် ချေးခဲ့ရကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ထို့အပြင် JICA၏ODA ချေးငွေသည် အတိုးနှုန်းအနည်းဆုံး ဖြစ်ခြင်းကြောင့် ချေးသင့်ပါကြောင်း၊ သို့ရာ တွင် ချေးငွေကို ထိထိရောက်ရောက် သုံးစွဲနိုင်ရန်Control Team လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ၀န်ကြီး ဌာနများ အနေဖြင့် ထိုကဲ့သို့ မလုပ်နိုင်ခဲ့ကြသောကြောင့် မည်သည့်Project ပဲဖြစ်ဖြစ် မအောင်မြင်ခဲ့ ကြောင်း၊ ထိုကြောင့် ၎င်းချေးငွေများ စနစ်တကျအကျိုးရှိရှိ သုံးစွဲနိုင်စေရန်Monitor လုပ်ဖို့၊evaluateလုပ်ဖို့ အစိုးရမဟုတ်သည့် အဖွဲ့ (တတိယအဖွဲ့)လိုအပ်ကြောင်းလည်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

No comments: