Thursday, January 30, 2014

ငွေတိုးကြီးချေးသူများအပေါ်တိုင်ကြားသည့် အမှုတွဲများ တရားလွှတ်တော်ချုပ်မသိ

ဉဏ်လှိုင်လင်း၊ အောင်သူရထွန်း

အတိုးကြီးယူ၍ ငွေချေးစားသူများနှင့် ပြန်မဆပ်နိုင်သူများအကြား ဖြစ်ပွားနေသည့် တရားစွဲဆိုမှုများကိစ္စ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က မေးမြန်းရာတွင် တရားရုံးသို့ ဦးတိုက် လျှောက်ထား သည့် အမှုများမရှိဟု ဖြေကြားခဲ့၍ မေးခွန်းရှင်က အမှုတွဲ နမူနာပြ၍ ထပ်မံမေးမြန်းရာ၌မူ ပြန်လည်စိစစ် ပြီး တင်ပြပေးမည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ဇန်န၀ါရီ ၂၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ထုတ်ပြန်ပြီးသည့် အသေးစားငွေချေး ဥပဒေအရ ရဲအရေးပိုင်သော အမှုမဟုတ်၍ တရားရုံးများသို့ ဦး တိုက်လျှောက်ထားရာတွင် အများအားဖြင့် ပလပ်ခံခဲ့ရသည်ကို သိပါသလားဟု ဦးသိန်းညွန့်က မေးမြန်း ရာတွင် ယင်းသို့ အရေးယူပေးပါရန် ဦးတိုက်လျှောက်ထားမှုများ မရှိသေးဟု ဦးစိုးညွန့်က ပြန်လည်ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မေးခွန်းရှင်က ရန်ကုန်တိုင်း၊ ရန်ကင်းတစ်မြို့နယ်ထဲ၌ပင် အမှုတွဲ ၁၀ ခုရှိသည်ဟု နမူနာပြခဲ့ ပြီး “အဲဒီလို တရားစွဲထားတဲ့ အမှုတွေနဲ့ပတ်သက်ပြီးတော့ တရားရုံးချုပ်က တိကျမှန်ကန်တဲ့ စာရင်းရယူ ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်” ဟု ထပ်ဆင့်မေးမြန်းခဲ့ရာ “ပြန်လည်စိစစ်ပြီး တင်ပြပေးမှာ ဖြစ်ပါတယ်” ဟု ဦးစိုးညွန့်က ဆိုခဲ့သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ ဆင်းရဲသူများအတွက် ငွေတိုးချေးစားတာ သိပြီးတော့ တရားရုံးပေါ်မှာ တရားလို၊ တရားခံအဖြစ် တရားရုံးပေါ်မှာ အမှုပေါင်းများစွာ ရင်ဆိုင်နေရပါတယ်” ဟု ဦးသိန်းညွန့်က ပြောသည်။ ထို့ပြင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသော သက်ဆိုင်ရာ ဥပဒေတွင်လည်း လုပ်ကိုင်ခွင့်လိုင် စင်မရှိဘဲ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

သို့သော် တရားရင်ဆိုင်ရာ၌မူ ယင်းသို့ အမှုများသည် အများအားဖြင့် ပလပ်ခံခဲ့ရသည်ဟု ကိုယ်စားလှယ် က မေးမြန်းခြင်း ဖြစ်သည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကမူ တရားရုံးများသို့ ဦးတိုက်လျှောက် ထားရာတွင် ဥပဒေပါပြဋ္ဌာန်းချက်အရ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ထောက်ခံချက် လိုအပ်သည်ဟု ထောက်ပြပြောဆိုခဲ့သည်။ ထို့ပြင် အသေးစားငွေရေးကြေးရေး ဥပဒေ ပြဋ္ဌာန်းပြီးသည့်နောက် တရားရုံးအသီးသီးတွင် ယင်းသို့ ဦးတိုက်လျှောက်ထားသည့် အမှုများမရှိဟု ငြင်း ဆိုခဲ့ခြင်း ဖြစ်သည်။

မေးခွန်းရှင်က ယင်းကိစ္စရပ်များကို ထိရောက်စွာ တားဆီးနိုင်ရန် လာမည့် လွှတ်တော်အစည်းအဝေများ အတွင်း အသေးစားငွေရေးကြေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်းသွားမည်ဟု မဇ္ဈိမ ကိုပြောသည်။

“အဓိကကတော့ တရားတစ်ပေါင် ရင်ဆိုင်ရမယ်ဆိုရင် ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီရဲ့ ထောက်ခံချက် လိုတယ်ဆိုတဲ့ကိစ္စနဲ့ ရဲအရေးမပိုင်လို့ အမှုစွဲရခက်တဲ့ ကိစ္စတွေကို ပြင်ဖို့ကြိုးစားသွားမှာ ပါ”ဟု ဦးသိန်းညွန့်က ပြောသည်။ အဆိုပါ ဥပဒေကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

No comments: