Tuesday, January 28, 2014

ဓာတ်ငွေ့ပိုက်လိုင်းများ အန္တရာယ်ရှိနေသည်ဟူသော အချက်ကို စွမ်းအင်ဝန်ကြီး ငြင်းဆို

စိုးသန်းလင်း

ယူနန်ပြည်နယ်အထိ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းသည် ပိုက်လုံးထုတည်ပါးခြင်း၊မြေအောက် မြုပ်သည့် အနက်ပေတိမ်ခြင်းတို့ကြောင့် ဒေသခံပြည်သူတို့အတွက် အန္တရာယ်ရှိနေသည့် အနေအထားဖြစ်
ကြောင်း၊ အဆိုပါ ပိုက်လုံးများနှင့် မြေအောက်မြှပ်ထားသည့် အနေအထားများကို နိုင်ငံတကာ စံမံမှုရှိမရှိ စစ်ဆေးပေးရန်နှင့်ဒေသခံပြည်သူတို့အား အန္တရာယ်မကျရောက်စေရေး ကာကွယ်ပေးရန် ဟူသည့် ပုဏ္ဍားကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်၏ အမေးကို စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ငြင်းဆိုခဲ့သည်။

“ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ ဓာတ်ငွေ့ပိုက်လိုင်းရဲ့ ပိုက်အထူဟာ ပို့လွှတ်ဓာတ်ငွေ့ ထုထည်နဲ့ ဖိအားပေါ်မူတည်ပြီး အနည်းဆုံး ဝ.၄လက်မရှိရမယ်၊ အခုသုံးတဲ့ ပိုက်အထူက ဝ.၈လက်မ ၊ ပိုက်အမျိုးအစားကလည်း PSL-2 ဖြစ်ပါတယ်။ ပိုက်ကိုမြှပ်တဲ့အခါ မြေအောက်ကို အနည်းဆုံး တစ်မီတာရှိရင် လုံခြုံပါတယ်၊ အခုက ခြောက်ပေမှာ မြှမှပ်တဲ့အတွက် လုံခြုံပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသလို မဟုတ်ပါဘူး”ဟု ပြည်သူ့လွှတ်တော် ဇန်နဝါရီ ၂၇ရက်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

ဦးထွန်အောင်ကျော်က ပိုက်လိုင်းအား မြေအောက် ၁၅ပေ မြှပ်ရန်နှင့် ပိုက်လုံးအထူ သုံးလက်မ ရှိရန် လိုအပ်သည်ဟု ယူဆကြောင်း ပြောကြားချက်ကို ဝန်ကြီးက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

ဦးထွန်းအောင်ကျော်က အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းများ၏ ခံနိုင်စွမ်းရည်ကို ရေဖိအားဖြင့် စမ်းသပ်စဉ်က အက်ကွဲကျိုးထွက်ခဲ့ ပြီး အနီးရှိ သစ်ပင်ငယ်များ ကျိုးပဲ့လွင့်စဉ်ထက်ခဲ့ကြောင်း၊ ပိုက်လိုင်းတစ်လျှောက်ရှိ ကြက်ရေစမ်းနှင့် အန်းကြား နေရာ ငါးနေရာတို့တွင် ကွဲအက်မှု အခြေအနေ အလွန်ဆိုးရွားသည်ဟု သိရကြောင်း ပြည်သူ့လွှတ်တော်မှ တစ်ဆင့် အစိုးရအဖွဲ့သို့ တင်ပြခဲ့သည်။

ပိုက်လိုင်းဆက်သွယ်ရာတွင် ချိတ်ဆက်မှု၊ မြေမြှပ်မှု၊ မြေဖို့မှုများ နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီသဖြင့် မိုးသည်းထန်စွာ ရွာသွန်းသည်နှင့်မြေများ ပြိုကျခြင်း၊ နိမ့်ဆင်းခြင်း၊ လမ်းများပိတ်ဆို့ခြင်း၊ မြေကြီး အက်ကွဲမှုများ ဖြစ်ခြင်းတို့ကြောင့် ပိုက်လိုင်းတစ်လျှောက် နေထိုင်ကြသော ဒေသခံပြည်သူများ အတွက် အန္တရာယ် ကျရောက်မည့် အခြေအနေအပေါ် စိုးရိမ်ထိတ်လန့် နေကြသည်ဟု လည်း ၎င်းက လွှတ်တော်သို့ ပြောခဲ့သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမှ မကွေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်လျှက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားသော ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံပြည်သူတို့ ဘေးအန္တရာယ် ကင်းဝေးစေရန် နိုင်ငံတကာ စံနှုန်းများနှင့် စစ်ဆေးပြီး ကြိုတင်ကာကွယ်မှုများ ပေးရန် အစီအစဉ် ရှိမရှိ ဆိုသည်တို့ကို ဦးထွန်းအောင်ကျော်က မေးမြန်းခဲ့သည့်အပေါ် ဒုတိယဝန်ကြီး ဦးအောင်ထူးက လုံခြုံမှုရှိပါကြောင်းသာ ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဝန်ကြီးက ဦးထွန်းအောင်ကျော်၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး “တစ်ကယ်တော့ သူပြောတာတွေဟာ မှားတယ် ဆိုတာထက် အထင်လွဲတာလို့ ပြောရမယ်၊ ဥပမာ ပိုက်လိုင်းကို လုံ-မလုံ စမ်းသပ်တုန်းက ပိုက်လိုင်းကနေ ရေတွေ ပန်းထွက် တယ်လို့ သူပြောတယ်၊ တစ်ကယ်တန်းကျတော့ ပိုက်လိုင်း မလုံလို့ ဖြစ်တာမဟုတ်ဘူး။ မိုင် ၅ဝလောက်ရှိတဲ့ ပိုက်ထဲကိုရေဖြည့်ပြီး ဖိအားနဲ့ မောင်းတော့ ဖိအား ၁၅ဝဝ အထိထင်ထားရတာ၊ ပြီးရင် အဲဒီရေတွေကို ထုတ်လိုက်ချိန်မှာ ရေလုံးကဝေါခနဲ့ ထွက်လာတာပါ။ ဒါကို ပိုက်မလုံလို့ ပေါက်ကွဲတယ်လို့ ထင်ကြတာဟု လွှတ်တော်အစည်းအဝေးပြီးချိန်တွင် မဇ္ဈိမကို ပြောကြားခဲ့သည်။

လက်ရှိ တရုတ် နိုင်ငံသို့ ပို့လွှတ်တော်လျှက်ရှိသည့် သဘာဝဓာတ်ငွေ့၏ ဖိအားမှာ ၉ဝဝ သာရှိပြီး ပိုက်လိုင်းများ၏ ခံနိုင်ရည် မှာ ဖိအား ၁၅ဝဝ ဖြင့် စမ်းသပ်ထားခြင်း ဖြစ်၍ အန္တရာယ် မရှိကြောင်းလည်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

No comments: