Thursday, January 30, 2014

၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းများ တင်ပြရန် တစည ညွှန်ကြားထား

ရွှေရည်ဝင်းထက်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည)ပါတီအနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင် ရေးအတွက် မြို့နယ်ခွဲအသီးသီးတွင် ပါတီ၏ မဲဆန္ဒနယ်နှင့် မဲရုံကိုယ်စားလှယ်လောင်းများအား ရွေးချယ် ၍ လာမည့်ဇွန်လတွင်ပြုလုပ်မည့် ခြောက်လတစ်ကြိမ် ပါတီဗဟိုအစည်းအဝေးတွင် တင်ပြရန် သဘော တူထားသည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ဦးထွန်းရီက မဇ္ဈိမကို ပြောသည်။

“၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီရဲ့ရှေ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းအသီး သီးမှာရှိတဲ့ မြို့နယ်အလိုက် စီမံချက်တွေရေးဆွဲပြီးတော့ မဲရုံကိုယ်စားလှယ်လောင်းတွေ ရွေးမယ်။ ပြီးရင် ပါတီရဲ့ ခြောက်လတစ်ကြိမ်လုပ်မယ့် အစည်းအဝေးကျရင် အဲဒီရွေးထားတဲ့ ကိုယ်စားလှယ်တွေကို ဌာန ချုပ်က ဆုံးဖြတ်မယ်”ဟု ပြောသည်။

ဇန်န၀ါရီ ၁၃ ရက်မှ ၁၇ ရက်ထိ ရန်ကုန်မြို့၊ ရွှေတောင်ကြားလမ်းရှိ တစည ပါတီဗဟိုဌာနချုပ်တွင် ပါတီ ၏ခြောက်လတစ်ကြိမ်ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်အဝေးဆုံးဖြတ်ချက်အရ မဲ ဆန္ဒနယ် ကိုယ်စားလှယ်လောင်းများကို ပါတီတွင်း ဒီမိုကရေစီစနစ်အရရွေးချယ်ရန် ညွှန်ကြားထားသည် ဟု သိရသည်။

“မဲဆန္ဒနယ်ကိုယ်စားလှယ်လောင်းတွေကို ဒီမိုကရေစီစနစ်အရ ရွေးချယ်မှာပါ။ မြို့နယ်မှာရှိတဲ့ ပါတီဝင် တွေက တိုင်ပင်ပြီး အများဆန္ဒနဲ့သင့်တော်တဲ့သူကို ရွေးချယ်မှာပါ”ဟု ဦးထွန်းရီက ဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် လာမည့်၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် အနည်း ဆုံး ၁၈၉ မြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တစ်မြို့နယ် အမျိုးသမီးကိုယ်စားလှယ် တစ်ဦးစီ ပါဝင်ယှဉ်ပြိုင်သွားမည်ဟုလည်း ဦးထွန်းရီက ပြောထားသည်။

တစညပါတီသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အပြည့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ငါးဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး၊ တိုင်းနှင့် ပြည် နယ်လွှတ်တော်အသီးသီးတွင် ၄၇ ဦး ရွေးချယ်ခံထားရသည်။

No comments: