Friday, January 31, 2014

လမ်းပြင်ရန် လှူဒါန်းထားသည့် ငွေများ ဘုန်းကြီးကျောင်းတွင် ခိုးယူခံရ

ဇော်ဇော်ထွေး

တွံတေးမြို့နယ်တွင် လမ်းပြင်ရန် လှူဒါန်းထားသည့် ငွေများ ဘုန်းကြီးကျောင်းတွင် သိမ်းဆည်းထားစဉ် အခိုးခံလိုက်ရသဖြင့် မြို့နယ်တွင်းရှိ ခလောက်ချိုက်နယ်မြေ ရဲစခန်းတွင် ဇန်နဝါရီ ၂၇ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။

အဆိုပါ အမှုကို ကျွန်းကလေးကျေးရွာအုပ်စု ၊ ချောင်းဖျားကျွေးရွာနေ ဘုန်းကြီးကျောင်း ဂေါပကအဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဦးမောင်လှိုင် က အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။

အမှုတွင် ဇန်နဝါရီ ၂၆ ရက်က တရားလိုသည် ကျေးရွာလမ်းပြုပြင်နေစဉ် ကျွန်းကလေး ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင် ဆရာတော်က ခေါ်သဖြင့် သွားရောက်တွေ့ဆုံခဲ့သည်။

ထို့နောက် ဇန်နဝါရီ ၂၆ ရက်နံနက် ၅ နာရီခွဲက ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော် (၇)ပါး တို့သည် ကျွန်းကလေး ကျေးရွာနေဒေါ်လှလှရီ နေအိမ်သို့ အာရုံဆွမ်းစားကြွရောက်ပြီး ကျောင်းပြန်ရောက်ချိန်တွင် ဘုန်းကြီးကျောင်းတံခါးပွင့်နေသည်ကို တွေ့ရှိရသည်ဟု ဆရာတော်က ပြန်လည်မိန့်ကြားထားသည်ဟု တရားလိုက ရဲထံတွင် ထွက်ဆိုထားသည်။

ထို့ကြောင့် ကျောင်းအတွင်း စစ်ဆေးရာတွင်လည်း ကျက်သရေခန်းအတွင်းရှိ သစ်သားဘီရိုတွင် ခက်ထားသော သော့အား ရိုက်ဖျက်၍ ဘီရိုအတွင်းထားရှိသည့် လမ်းပြုပြင်ရန်အတွက် အလှူငွေ (၃၈)သိန်းမှာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ငွေခိုးယူသူအား ဖော်ထုတ်ဖမ်းဆီးပေးရန် အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သဖြင့် ရဲစခန်းက (ပ)၂၅/၂ဝ၁၄ ဖြင့် အမှုဖွင့်ပြီး စုံစမ်းနေကာ ခိုးယူသူကို ဖမ်းမိပါက ပုဒ်မ ၃၈ဝ ဖြင့် တရားစွဲတင်မည်ဟု ဆိုထားသည်။

No comments: