Friday, January 31, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုစာများ သတ်မှတ်ရက်အတိုင်း လွှတ်တော်တင်မည်

စိုးသန်းလင်း၊ ဉဏ်လှိုင်လင်း

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းများ ၂ရက်ခန့် နှောင့်နှေးခဲ့ပြီး နောက် အကြံပြုစာအားလုံးကို စာရင်းချုပ်၍ သတ်မှတ်ရက်အတိုင်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ ရန် ဆုံးဖြတ်လိုက်ပြီဟု ကော်မတီဝင်အချို့က ဇန်န၀ါရီ ၂၉ရက် ညဦးပိုင်းတွင် မဇိ္ဈမကို အတည်ပြုပြော ကြသည်။

ခေါင်းစဉ်အလိုက် စုပေါင်းလက်မှတ်ထိုး၍ တစ်ဦးတစ်ယောက်ထံမှ တစ်ဆင့်ပေးပို့လာသည့် မပြင်ဆင်လို ဟူသည့် အကြံပြုချက်များကို ကော်မတီအစီရင်ခံစာ၌ ထည့်သွင်းရန် သင့်မသင့် နှစ်ရက်ခန့် အငြင်းပွား ခဲ့ရသည်ဟု ၄င်းတို့ကပြောသည်။ နောက်ဆုံး၌ ယင်းတို့ကို သီးသန့်မှတ်ချက်အနေဖြင့် အစီရင်ခံစာတွင် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဇန်န၀ါရီ ၃၁ရက် နောက်ဆုံးထား အစီရင်ခံရန် ညွှန်ကြားထားသည့် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်နိုင်ကြတော့မည် ဖြစ် သည်။

ထိုသို့မပြင်ဆင်လိုသည့် ပြဋ္ဌာန်းချက်အချို့ကို စုပေါင်းလက်မှတ်ထိုး၍ လွှတ်တော်သို့ ပေးပို့လာသည့် အထဲတွင် တောင်ဥက္ကလာပမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း ထံမှလည်း ပါဝင်သည်ဟု ၄င်းတို့ကအတည်ပြုပြောကြသည်။ ယင်းတွင် သမ္မတအရည်အချင်း၊ ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ တပ်မတော်၏နိုင်ငံရေး ဦးဆောင်ပါဝင်ပတ်သက်ခွင့်နှင့် အခန်းကဏ္ဍ၊ ယခင်အစိုးရအဖွဲ့၏ မူဝါဒလမ်းညွှန် မှုများ၊ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များ၊ အစိုးရအဖွဲ့ဝင် တစ် ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပါ် တရားစွဲခြင်း၊ အရေးယူခြင်းမရှိစေရ ဟူသည်တို့ ပါဝင်သည် ဟု ကော်မတီဝင်အချို့က အသိပေးကြသည်။

ယနေ့တွင်မူ ကော်မတီ၏မူလတာဝန်ပါ သုံးသပ်သည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုတော့ပဲ အကြံ ပြုစာများ အားလုံးကို စာရင်းချုပ်၍သာ လွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ဖွဲ့စည်းပုံပါ စုစုပေါင်းပုဒ်မ ၄၅၇ခုနှင့် ပတ်သက်၍ ပြင်ဆင်လိုသူ၊ မူလအတိုင်းထားလိုသူ၊ ဖြည့်စွက်လိုသူ၊ ပယ်ဖျက် လိုသူများ စာရင်းနှင့် ယင်းတို့၏ အကြံပြုချက်များကို စုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံရန် ဖြစ်သည်။ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များအရ ကော်မတီ၏ ဆွေးနွေးချက်များ၊ မှတ်တမ်းများကို ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆို၍ မရကြချေ။

ဇန်န၀ါရီ ၂၉ရက် လွှတ်တော်အစည်းအဝေးများ မကျင်းပမီ နံနက်ပိုင်းတစ်ကြိမ် ကော်မတီ အစည်းအဝေး ကျင်းပခဲ့သေးသော်လည်း တစ်စုံတစ်ရာ မဆုံးဖြတ်နိုင်ခဲ့ဘဲ ညနေပိုင်း ထပ်မံတွေ့ဆုံကြိမ်မှသာ ယခုကဲ့ သို့ ဆုံးဖြတ်နိုင်ကြခြင်း ဖြစ်သည်။ ပြည်သူ သုံးသိန်းကျော်တို့က အကြံပြုချက် ပေါင်းနှစ်သောင်း ကျော် ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေးပူးပေါင်း ကော်မတီသို့ ပေးပို့ထားကြသည်။

No comments: